ဖြူးမြို့နယ် လင်းယောခင်ကျေးရွာမှ တာခြင်းတောင်းလုပ်ငန်း

Powered by Drupal

  တောင်ငူခရိုင်၊ ဖြူးမြို့နယ်၊ ဇေယျဝတီမြို့၊ လင်းယောခင်ကျေးရွာရှိ ရွာသူ/ရွာသား များသည် လယ်ယာလုပ်ငန်းအပြင် မိရိုးဖလာ လုပ်ငန်းဖြစ်သော တာခြင်းတောင်းယက်လုပ်ခြင်း လုပ်ငန်းကိုလည်းလုပ်ကိုင်ကြပါသည်။ အများအားဖြင့် မိသားစုများ တပိုင်တနိုင် ဝိုင်းဝန်းလုပ်ကိုင် ကြသော လုပ်ငန်းဖြစ်ပါသည်။

              တာခြင်းတောင်း ယက်လုပ်ခြင်းအတွက် အဓိက လိုအပ်သော ကုန်ကြမ်းမှာ ဝါးသပွတ်ဝါး ဖြစ်ပါသည်။ တာခြင်းတောင်းပြုလုပ်ပုံမှာ ၎င်းဝါးသပွတ်အား ခွဲခြမ်းစိတ်ဖြာ၍ ပုံဖော်ယက်လုပ်ရပါ သည်။ တာခြင်းတောင်းယက်လုပ်ရာတွင် လိုအပ်သော ဝါးကို ဖြူးမြို့ အနောက်ပဲခူးရိုးမ တောင်ပေါ်မှ  ရရှိပါသည်ပါသည်။ လိုအပ်သောကုန်ကြမ်းဝါးအား ဝါးအလုံး ၃၀ ပါ တစ်စည်းလျှင် ၁၀၀၀၀ ကျပ်နှုန်းဖြင့် ဝယ်ယူရရှိပါသည်။

              တာခြင်းတောင်းများအား ၅ လုံး တစ်တွဲ တွဲ၍ ရောင်းချကြပါသည်။ တာခြင်းတောင်း ၁ လုံးလျှင် အကြီး ၁၀၀၀ ကျပ်နှင့် အနည်းငယ်ဆိုဒ်သေးသော ခြင်းတာင်း ၁ လုံးလျှင် ၈၀၀ ကျပ်ဖြင့် ရောင်းချကြကြောင်း သိရှိရပါသည်။

              တာခြင်းတောင်းကို နွားချေးသယ်ယူရာတွင်လည်းကောင်း၊ လုပ်ငန်းခွင်များတွင် မြေကြီးသယ်ရာတွင်လည်းကောင်း အသုံးပြုနိုင်ပါသည်။ လင်းယောခင်ကျေးရွာထွက် တာခြင်း တောင်းများအား ဒေသတွင်းအနီးပတ်ဝန်းကျင်ရှိ ကျေးရွာများသို့ တင်ပို့ရောင်းချကြပါသည်။ မြန်မာနိုင်ငံသည် စိုက်ပျိုးရေးနိုင်ငံဖြစ်သောကြောင့် တောင်သူဦးကြီးများအနေဖြင့် နွားချေးများ ကျုံး၍ စွန့်ပစ်ရာတွင် ၎င်းတာခြင်းတောင်းများအား အသုံးပြုကြရသည်ဖြစ်ပါ၍ တာခြင်းတောင်း များ၏ ဈေးကွက်မှာ ပုံမှန်အတိုင်းရှိကြောင်း တာခြင်းတောင်းယက်လုပ်ရောင်းချသူ ဦးစိုးဝင်းထံမှ သိရပါသည်။

DOCA(ပဲခူး)