ဝါးမှသည် အဆင့်မြင့်ထုတ်ကုန်များဆီသို့

Powered by Drupal

    မြန်မာနိုင်ငံတွင် ဝါးပင်များသည် တောတောင်ရိုးမများတွင် အများဆုံးပေါက်ရောက်လျက်ရှိပါသည်။ မြန်မာနိုင်ငံအလယ်ပိုင်း မကွေးတိုင်းဒေသကြီးအတွင်းရှိ စေတုတ္တရာ၊ စလင်း၊ ဆိပ်ဖြူ၊ ဂန့်ဂေါနယ်များတွင် ဝါးအမျိုးမျိုး ပေါက်ရောက်လျက်ရှိပါသည်။ ဝါးအမျိုးအစားပေါင်းများစွာရှိသော် လည်း စီးပွားရေးအတွက်အသုံးပြုသော ဝါးအမျိုးအစားများမှာ ဝါးပိုးဝါး၊ ရေဝါး၊ မျှင်ဝါးများကို အသုံးပြုကြပါသည်။

    ယခုအခါတွင် ဝါးဖြင့်ပြုလုပ်ထားသော အသုံးအဆောင်ပစ္စည်းများကို ဟိုတယ်များ၌ အလှ ဆင်ပစ္စည်းများအဖြစ် အသုံးပြုလာကြပါသည်။ ဝါးလက်မှုပစ္စည်းထုတ်လုပ်သော လုပ်ငန်းများအနေဖြင့် ပြည်တွင်းသာမက ပြည်ပဈေးကွက်သို့လည်း ဈေးကွက်ချဲ့ထွင်တင်ပို့နိုင်ရန် ယခင်ကထက် ပိုမို ဆန်းသစ် တီထွင်လာကြပါသည်။ ပြည်တွင်း၌ အသုံးပြုသော ဝါးလက်မှုပစ္စည်းများဖြစ်သော စကော၊ စကာ၊ တောင်းများနှင့် အခြားလူသုံးကုန်ပစ္စည်းများကို ထုတ်လုပ်ခဲ့ကြပြီး ယခုအခါ ပြည်တွင်းသုံးလက်မှု ပစ္စည်းများသာမက ပြည်ပတိုးချဲ့တင်ပို့နိုင်ရေးအတွက် ဝါးဖြင့်ပြုလုပ်သော အသုံးအဆောင်ပစ္စည်းများ၊ အလှဆင်ပစ္စည်းများကိုလည်း တီထွင်ထုတ်လုပ်လာကြပါသည်။

     ပြည်တွင်းအသုံးပြုသော ပစ္စည်းများမှာ စကော၊ စကာ၊ တောင်း၊ အုပ်ဆောင်း၊ ဖျာ၊ တင်းတောင်း၊ ခွဲတောင်း၊ စိတ်တောင်း၊ ချိန်ခွင်၊ ပလိုင်းများကို ထုတ်လုပ်ခဲ့ကြပြီး ဈေးကွက်အနေဖြင့် ပြည်တွင်း၌ တောင်သူများ အများဆုံးသုံးစွဲကြပါသည်။ ပခုက္ကူခရိုင်အတွင်းတွင် လက်လီ၊ လက်ကားဈေးနှုန်း အနေဖြင့် စကောအချောတစ်ချပ်လျှင် ကျပ်(၂၅၀၀)၊ အကြမ်းတစ်ချပ်လျှင် ကျပ်(၁၅၀၀)၊ စကာခုံး တစ်ချပ်လျှင် အကြီးအသေးပေါ်မူတည်၍ ကျပ်(၈၀၀ - ၁၀၀၀ - ၁၅၀၀)၊ ခွဲတောင်းတစ်လုံးလျှင် ကျပ်(၃၀၀၀)၊ စိတ်တောင်းတစ်လုံးလျှင် ကျပ်(၁၅၀၀)၊ နှစ်ပြည်ဝင် တောင်းတစ်လုံးလျှင် ကျပ်(၁၀၀၀)၊ အုပ်ဆောင်းအကြီး တစ်ခုလျှင် ကျပ်(၂၀၀၀)၊ ဖျာချောတစ်ချပ်လျှင် ကျပ်(၁၀၀၀၀)၊ စကာအစိတ်အကျဲ တစ်ချပ်လျှင် ကျပ်(၁၅၀၀)၊ ချိန်ခွန်တစ်ခုလျှင် ကျပ်(၇၀၀ - ၁၅၀၀)၊ ခြင်းကြားတောင်းတစ်လုံးလျှင် ကျပ်(၃၀၀၀)၊ ရေအိုးအုပ်ဆောင်းတစ်ခုလျှင် ကျပ်(၅၀၀ - ၁၀၀၀)၊ ပလိုင်းတစ်လုံးလျှင် ကျပ်(၅၀၀ - ၁၀၀၀)ဈေးဖြင့် မြို့ပေါ်ဆိုင်များ၌ လက်လီ၊ လက်ကားရောင်းချနေပြီး ရေစကြိုနှင့် မန္တလေးတိုင်းဒေသကြီး ကျောက်ပန်းတောင်းနယ်တို့မှ ဝယ်ယူရောင်းချလျက်ရှိကြောင်း သိရသည်။

      ပြည်တွင်း၌ ဝါးလက်မှုပစ္စည်းများထုတ်လုပ်ရာတွင် အသုံးပြုနိုင်သော ဝါးအမျိုးအစားပေါင်း (၃၀)နည်းပါးရှိသည်။ နေရာဒေသအလိုက် ထွက်ရှိသည့် ဝါးပင်အမျိုးအစားပေါ် မူတည်၍ ဝါး လက်မှုပစ္စည်းများ ပြုလုပ်ရာတွင်လည်း အသုံးပြုသောဝါးကုန်ကြမ်းများ ကွဲပြားမှုရှိကြောင်း သိရှိရပါသည်။

DOCA(မကွေး)