တောင်ငူမြို့ ဆီထွက်သီးနှံဇုန်ဧရိယာတွင် နှမ်းခင်းများဖြစ်ထွန်း

Powered by Drupal

              ပဲခူးတိုင်းဒေသကြီး၊ တောင်ငူမြို့နယ်သည် ၂၀၂၄-၂၀၂၅ ခုနှစ်၊ ဆီထွက်သီးနှံ (မြေပဲ၊ နှမ်း၊ နေကြာ) ဇုန်ဧရိယာများတွင် ကျေးရွာအုပ်စုအလိုက် ဆောင်ရွက်နေသည်။ မိုးမြေပဲစိုက်ပျိုးရန် ကျေးရွာအုပ်စုပေါင်း ၂၀ မှ တောင်သူလယ်သမား ၆၀၁ ဦးက စိုက်ဧက ၂၁၂၉ ဧက၊ မိုးနှမ်းစိုက်ပျိုးရန် ကျေးရွာအုပ်စုပေါင်း ၂၃ အုပ်စုမှ တောင်သူလယ်သမား ၅၈၂ ဦးက စိုက်ဧက ၂၇၉၈ ဧက လျာထားကြောင်းသိရသည်။

              နှမ်းစိုက်တောင်သူများနှင့် မြေပဲစိုက်တောင်သူများအား နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေမှ ငွေ ၂၅၀၀၀၀၀ ကျပ် ထုတ်ချေးနိုင်ရန် သက်ဆိုင်ရာဌာနများနှင့် ညှိနှိုင်းဆောင်ရွက်ပေးပါသည်။ သီးနှံဇုန်ဧရိယာများတွင် စိုက်ပျိုးရေးဦးစီးဌာနက ဇုန်တာဝန်ခံများထားရှိဆောင်ရွက်ပေးပါသည်။ ဇုန်တာဝန်ခံသည် နှမ်းစိုက်၊ မြေပဲစိုက်ပျိုးသည့် တောင်သူများရှိသည့် ကျေးရွာများသို့ သွားရောက်၍ ဆီထွက်သီးနှံများ ပန်းတိုင်အထွက်နှုန်းရရှိအောင် သင်တန်းများပို့ချပေးနေပါသည်။

              သင်တန်းများတွင် ရိုးရိုးစိုက် စိမ့်မြောင်းပတ်မြောင်းစနစ်၊ ဘောင်ကြီးတင်စနစ်များကိုပို့ချ ပေးပါသည်။ နှမ်းဖိုရောဂါ မကျရောက်စေရေး၊ ရိုးမဲရောဂါ မကျရောက်စေရေး၊ ပေါင်းမြက် ကင်းရှင်းရေး သင်ခန်းစာများလည်း ပါဝင်သည်ဟု သိရပါသည်။

                ပြည်တွင်းစားသုံးဆီဖူလုံရန်၊ ပြည်ပမှစားသုံးဆီများတင်သွင်းမှု လျှော့ချနိုင်ရန်အတွက် ဆီထွက်သီးနှံများ လျာထားချက်ထက်ကျော်လွန်အောင် စိုက်ပျိုးမည်ဟု သိရပါသည်။ မျိုးကောင်းမျိုးသန့်များအသုံးပြု၍ အထွက်နှုန်းကောင်းရရှိအောင် စိုက်ပျိုးမည်ဟု သိရပါသည်။ ဘောင်ကြီးစနစ်စိုက်ပျိုးနိုင်ရန် လိုအပ်သောစိုက်ပျိုးရေးပစ္စည်းများရရှိအောင် ဆောင်ရွက်ပေးနေပါသည်။

                တောင်ငူမြို့နယ်ရှိ ဆီထွက်သီးနှံ မြေပဲ၊ နှမ်း စိုက်ပျိုးသည့် တောင်သူများသည် ပန်းတိုင်အထွက်နှုန်း မထွက်ရှိသေးသော်လည်း ယခုနှစ်တွင် မြေပဲ တစ်ဧက တင်း(၇၀)၊ နှမ်း တစ်ဧက တင်း(၂၀) ထွက်ရှိအောင်ဆောင်ရွက်မည်ဟု တောင်ငူခရိုင် ဆီထွက်သီးနှံတာဝန်ခံ လက်ထောက်ညွှန်ကြားရေးမှူး ဦးနိုင်မင်းလှိုင်၏ ပြောကြားချက်အရ သိရပါသည်။

              တောင်ငူမြို့နယ်တွင် ဘောင်ကြီးစနစ်ဖြင့် စိုက်ပျိုးထားသော တောင်သူလယ်သမားကြီး ဦးသန်းမြင့်၏ နှမ်းစိုက်ခင်းမှ ၂၈ ရက်သားသာရှိသေးသည့် နှမ်းပင်ပေါက်များသည် အထူး ကောင်းမွန်နေကြောင်းကို တွေ့ရှိရပါသည်။

DOCA(ပဲခူး)