ငါးလုပ်ငန်းကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေး၊ အားလုံးဝိုင်းဝန်းကူညီပေး

Powered by Drupal

             မြန်မာနိုင်ငံသည် မြစ်ချောင်း၊ အင်းအိုင်ပေါများခြင်း၊ ပင်လယ်ထွက်ပေါက်ရှိသည့် နိုင်ငံဖြစ်ခြင်း၊ ရှည်လျားသောကမ်းရိုးတန်းကို ပိုင်ဆိုင်ထားခြင်း စသောအားသာချက်များရှိသည့် နိုင်ငံဖြစ်သည်။ ထို့အပြင် နိုင်ငံအတွင်းတွင် “ဧရာဝတီ၊ ချင်းတွင်း၊ သံလွင်၊ စစ်တောင်း” ဟူသော မြစ်ကြီးလေးစင်းရှိသည့်အနက် ဧရာဝတီမြစ်သည် နိုင်ငံ၏အသက်သွေးကြောလည်းဖြစ်ကာ စိုက်ပျိုးရေးကဏ္ဍအတွက်လည်း မရှိမဖြစ်မြစ်ကြီးတစ်စင်းဖြစ်သည်။

            ဒေသတွင်းနိုင်ငံများနှင့် ယှဉ်လျင် ကောင်းမွန်သေ စီးပွားရေးအခြေခံ အုတ်မြစ်များကို ပိုင်ဆိုင်ထားသည့်အပြင် နိုင်ငံ့လူဦးရေ၏ ထက်ဝက်ကျော်ခန့်သည် အလုပ်လုပ်နိုင်သော လူငယ်ဦးရေများ ဖြစ်ကြသည်။

             မြန်မာနိုင်ငံသည် စိုက်ပျိုးရေးနှင့် မွေးမြူရေးကို အခြေခံသည့် နိုင်ငံဖြစ်သည့်အားလျော်စွာ စိုက်ပျိုးရေးထုတ်ကုန်များကို အများဆုံးတင်ပို့ပြီး မွေးမြူရေးလုပ်ငန်းများကိုလည်း တွဲဖက်လုပ်ကိုင် နေသည်ကို တွေ့ရသည်။မြန်မာနိုင်ငံသည် မြစ်ချောင်း၊ အင်းအိုင်ပေါများသော နိုင်ငံဖြစ်သည့်အတွက် ငါးလုပ်ငန်းကဏ္ဍသည် နိုင်ငံ၏ အရေးပါသော စီးပွားရေးကဏ္ဍအဖြစ် ပါဝင်နေသည်။

            ငါးလုပ်ငန်းနှင့် ငါးမွေးမြူရေးလုပ်ငန်းသည် မြန်မာနိုင်ငံ၏ စီးပွားရေးကို အဓိကအားဖြင့် အထောက်အကူပြုလျက်ရှိသော အခန်းကဏ္ဍတစ်ရပ်ဖြစ်ပြီး ငါးလုပ်ငန်းကဏ္ဍမှ မြန်မာနိုင်ငံ GDP ၏ (၂)ရာခိုင်နှုန်းကို အထောက်အကူပြုလျက်ရှိပါသည်။ ယင်းရာခိုင်နှုန်းသည် နည်းပါးသည်ဟု ဆိုနိုင် သော်လည်း မြန်မာနိုင်ငံကဲ့သို့ လိုအပ်ချက်များစွာ ရှိနေသည့်နိုင်ငံအတွက်မူ မဆိုးလှဟု ဆိုချင်ပါသည်။

             ငါးလုပ်ငန်းအခန်းကဏ္ဍသည် အသားဓါတ် စားသုံးမှု၏ (၅၀)ရာခိုင်နှုန်းနှင့် အလုပ်အကိုင် ပံ့ပိုးနိုင်မှု (၆)ရာခိုင်နှုန်းအထိရှိပြီး အချို့ကမ်းရိုးတန်းဒေသများတွင် ပြည်နယ်နှင့် တိုင်းဒေသကြီး ဘဏ္ဍာငွေရရှိမှု၏ (၃၄)ရာခိုင်နှုန်းမှ (၅၆)ရာခိုင်နှုန်းအထိ အထောက်အကူပြုကြောင်းသိရှိရသည်။ ကမ်းရိုးတန်းဒေသများဖြစ်သော မော်လမြိုင်၊ ရေး၊ ထားဝယ်၊ မြိတ်၊ တနင်္သာရီ၊ ဘုတ်ပြင်း စသည့် ဒေသများတွင် ငါးဖမ်းလုပ်ငန်းကို တွင်ကျယ်စွာလုပ်ကိုင်ကြပြီး  ပင်လယ်ကမ်းနီး၊ ကမ်းဝေး ငါးဖမ်း လုပ်ငန်းများလည်း လုပ်ကိုင်ကြကြောင်းသိရသည်။ ဖမ်းယူရရှိသောငါးများကို ရင်ခွဲအခြောက်လှန်းပြီး ငါးခြောက်အမျိုးမျိုးအဖြစ် မြန်မာတစ်နိုင်ငံလုံးသို့ တင်ပို့ ရောင်းချကြကြောင်း သိရှိရသည်။

              မြန်မာနိုင်ငံတွင် ငါးကို လူမျိုးဘာသာမရွေး နှစ်ခြိုက်စွာ စားသုံးကြပြီး ငါးကြင်း၊ ငါးမြင်း၊ တီလားပီးယား၊ ငါးမြစ်ချင်း တို့ကို အဓိကစားသုံးကြသည်။ မွေးမြူရေးငါးများသည်လည်း ပြည်တွင်း ဈေးကွက်တွင်လည်း ဈေးကွက် အခိုင်အမာ ရရှိထားပါသည်။ FAO (Food and Agriculture Organization) ၏အဆိုအရ မြန်မာနိုင်ငံသည် ကမ္ဘာ့အကြီးဆုံး ငါးမွေးမြူထုတ်လုပ်သည့် နိုင်ငံများ တွင် အဆင့်(၈)နေရာ၌ ရပ်တည်လျက်ရှိကြောင်းသိရသည်။

             ယခုအခါတွင် မြန်မာ့ငါးအရင်းအမြစ်များကို အလွန်အကျွံ ထုတ်ယူဖမ်းဆီးမှုများကြောင့် ရေချိုငါးသယံဇာတများ တစ်စတစ်စ လျော့ပါးလာနေပြီ ဖြစ်သည်။ အလွန်အကျွံ ငါးဖမ်းမှုများကြောင့် ပင်လယ်ငါးသယံဇာတများကို များစွာထိခိုက်ကျဆင်းစေပြီး ၁၉၇၉-၁၉၈၀ခုနှစ်များကတည်းက (၉၀) ရာခိုင်နှုန်းအထိ ကျဆင်းလာကြောင်း စာရင်းဇယားများအရ သိရပါသည်။

             ထို့ကြောင့် မြန်မာနိုင်ငံအတွင်းရှိ ငါးသယံဇာတများ အဓွန့်ရှည် တည်တံ့စေရေးအတွက် အားလုံးအတူတကွ ဝိုင်းဝန်းထိန်းသိမ်း‌ စောင့်ရှောက်ရပါမည်။ ငါးမျိုးမတုန်းစေရေးအတွက် ဒီရေတောနှင့် သန္တာကျောက်တန်းတို့အား ထိန်းသိမ်းကာကွယ်စောင့်ရှောက်ရမည်ပင် ဖြစ်ပါသည်။

              ငါးလုပ်ငန်းကဏ္ဍသာဖွံ့ဖြိုးတိုးတက်လာပါက ပြည်ပသို့တင်ပို့သော ရေထွက်ပစ္စည်းများ တိုးတက်လာမည် ဖြစ်သည်။ထိုအခါ နိုင်ငံခြားငွေ တိုးတက်ရရှိလာပြီး နိုင်ငံ၏ စိုက်ပျိုး‌ရေးနှင့် မွေးမြူရေးကဏ္ဍ အတွက်အထောက်အကူရပါသည်။

              သို့သော် မြန်မာနိုင်ငံတွင် လက်ရှိဖြစ်ပေါ်နေသော ကျွမ်းကျင်လုပ်သားအင်အားရှားပါးမှု၊ လျှပ်စစ်မီးမလုံလောက်မှု၊ အခြေခံအဆောက်အဦ မပြည့်စုံမှု၊ လမ်းပန်းဆက်သွယ်ရေးအခက်အခဲ၊ နယ်မြေမအေးချမ်းမှုစသည့် လိုအပ်ချက်များကို ဖြည့်ဆည်းဆောင်ရွက်ပေးနိုင်ပါက ငါးလုပ်ငန်းနှင့် ငါးမွေးမြူရေးလုပ်ငန်းသည် နိုင်ငံတော်အတွက် အားကိုးအားထားပြုရမည့် နိုင်ငံ့စီးပွားရေးကို တစ် ဖက်တစ်လမ်းမှ အထောက်အကူပြုပေးနိုင်သည့် အခန်းကဏ္ဍတစ်ရပ်ပင် ဖြစ်ကြောင်းသိရှိရပါသည်။

DOCA(ပဲခူး)