ရာသီစာ ပြောင်းဖူးစိုက်ပျိုးရောင်းချခြင်းမှ နေ့စဉ်ဝင်ငွေရရှိ

Powered by Drupal

              စစ်ကိုင်းတိုင်းဒေသကြီး၊ တမူးခရိုင်၊ ခမ်းပါတ်မြို့ရှိ ကျေးရွာအချို့တွင် ဒေသနှင့် ကိုက်ညီပြီး ဈေးကွက်ရရှိသည့် ပြောင်းဖူးများကို ရွေးချယ်စိုက်ပျိုးလျက်ရှိကြပြီး မိသားစု  စီးပွားရေးအတွက် နေ့စဉ်ပုံမှန် ဝင်ငွေရရှိလျက်ရှိကြောင်း သိရှိရပါသည်။

              ယခင်က ရိုးပြတ်လယ်ကွက်များတွင် ကျွဲနွားများအစာရအောင် သီးနှံများ စိုက်ပျိုးမှုမရှိဘဲ ထားရှိရာမှ ရာသီစာများဖြစ်သည့် ပြောင်းသီးနှံကို တနိုင်တပိုင်စိုက်ပျိုးခြင်းမှ ပိုမိုအကျိုးအမြတ် ဖြစ်ထွန်းလာသည်ကို သိရှိလာကြပြီး မိမိတို့၏ လယ်ယာမြေများကို ကွင်းလပ်မထားတော့ဘဲ သင့်လျော်ရာ အသီးအနှံများကို ရွေးချယ်စိုက်ပျိုးလာကြပါကြောင်း စွန်လည်ကျေးရွာ ပြောင်းဖူး စိုက်တောင်သူ ကိုမင်းဦးမှ ပြောကြားခဲ့ပါသည်။

              အဆိုပါပြောင်းဖူးများကို မိမိတို့၏ ကျေးရွာတွင်းတွင်သာမက အနီးအနားရှိ ကျေးရွာများအထိ ဖြန့်ဖြူးရောင်းချလျက်ရှိကြောင်းလည်း သိရပါသည်။ ကိုယ့်ဒေသတွင်း ရောင်းချရပြီး အနီးအနား ကျေးရွာများတွင်လည်း ဖောက်သယ်ယူသူများရရှိကာ မိမိ၏အခင်းနှင့် အိမ်သို့တိုက်ရိုက်လာဝယ်မည်ဆိုပါက တစ်ထောင်ကျပ်ဖိုးလျှင် ( ၆ ) ဖူး ရောင်းချပေးလျက်ရှိပြီး များများဝယ်ယူသည့် ဖောက်သည်များဖြစ်ပါက တစ်ထောင်ကျပ်ဖိုးလျှင်( ၇ ) ဖူး မှ ( ၈ ) ဖူး နှုန်းဖြင့် ရောင်းချပေးလျက်ရှိကြောင်းသိရှိရပါသည်။

              ပြောင်းဖူးသီးနှံကို စိုက်ပျိုးရောင်းချခြင်းဖြင့် မိသားစုစီးပွားရေးအတွက် တစ်ဖက်တစ်လှမ်းမှ အထောက်အပံ့ဖြစ်ကာ ပုံမှန်ဝင်ငွေ ရရှိလျက်ရှိကြောင်း လေ့လာသိရှိရပါသည်။

DOCA(စစ်ကိုင်း)