Online Sales Business အွန်လိုင်းစနစ်ဖြင့်ရောင်းချသူများအတွက် eComreg Online Registration (မှတ်ပုံတင်)စနစ် အကြောင်း

Powered by Drupal

          ယနေ့ခေတ်တွင် Social Media အခန်းကဏ္ဍသည် အလွန်အရေးပါလာခဲ့ပါသည်။ Social Media များအသုံးပြု၍ အွန်လိုင်းစနစ်ဖြင့်ရောင်းချလာကြသည်ကိုလည်း တွေ့မြင်လာရပါသည်။ ထိုသို့ ရောင်းသူနှင့်ဝယ်သူများအားလုံး အဆင်မပြေမှုပြဿနာများမှ ကင်းဝေးဏေရန်အတွက် eComreg Online Registration www.ecomreg.gov.mm စနစ်တွင် မှတ်ပုံတင်လက်မှတ်များ လျှောက်ထားရယူကြရန် လိုအပ်ပါသည်။ eComreg Online Registration (မှတ်ပုံတင်)စနစ်တွင် မှတ်ပုံတင်ခြင်းဆောင်ရွက်ရမည့် အွန်လိုင်း စနစ်ဖြင့် ရောင်းချသူများမှ (၁) ပြည်တွင်း၌ အခြေပြု သည်ဖြစ်စေ၊ပြည်ပ၌ အခြေပြုသည်ဖြစ်စေ၊ (၂) Website တည်ထောင်၍ Website ပေါ်မှ ဈေးရောင်းချသူများအားလုံး (၃) Social Media ဟု ဆိုရာ တွင် Fcacebook အပြင် အခြားသော Social Media များအသုံးပြု၍ ငွေကြေးယူ ရောင်းချသူများ အားလုံး(၄) Mobile Application တည်ထောင်၍ ထို Mobile Application ဖြင့် ဈေးရောင်းချသူများ အားလုံးတို့သည် မှတ်ပုံတင် ဆောင်ရွက်ရမှာဖြစ်ပါတယ်။

          စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၏ ၂၀၂၃ ခုနှစ်၊ ဇူလိုင်လ ၂၁ ရက်နေ့တွင် ထုတ်ပြန်သော အမိန့်ကြော်ငြာစာအမှတ်(၅၀/၂၀၂၃)အရ အွန်လိုင်းစနစ်ဖြင့်ရောင်းချခြင်း လုပ်ငန်း ကို အရေးကြီးဝန်ဆောင်မှုအဖြစ် သတ်မှတ်ထားပြီး Online စနစ်ဖြင့် ရောင်းချသော ကုန်စည်နှင့် ဝန်ဆောင်မှုလုပ်ငန်းများသည် မှတ်ပုံတင်လက်မှတ် လျှောက်ထားရရှိပြီးမှသာ လုပ်ငန်း ဆောင်ရွက် ရမည်ဖြစ်ပါသည်။ အဆိုပါ အမိန့်ကြော်ငြာစာတွင် ထုတ်ပြန်ပြီး (၆)လပြည့်မြောက်သည့် နေ့မှစ၍ မှတ်ပုံတင်လက်မှတ်မရရှိဘဲ အွန်လိုင်းစနစ်ဖြင့် ရောင်းချခြင်းလုပ်ငန်းကို လုပ်ကိုင်ဆောင်ရွက် ကြောင်း တွေ့ရှိပါက အရေးကြီးကုန်စည်နှင့်ဝန်ဆောင်မှုဥပဒေပုဒ်မ ၅ အရ အရေးယူခြင်းခံရမည် ဖြစ်ကြောင်း ဖော်ပြထားပါတယ်။ ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ (၁)ရက်နေ့မှစ၍ အွန်လိုင်းစနစ်ဖြင့် ရောင်းချခြင်း (Online Sales) လုပ်ငန်းမှတ်ပုံတင်လက်မှတ် လျှောက်ထားမှုအား မြေပြင် ကွင်းဆင်း စိစစ်ပြီးမှသာလျှင် ခွင့်ပြုထုတ်ပေးသွားမည် ဖြစ်ပါတယ်။

           အွန်လိုင်းစနစ်ဖြင့် ရောင်းချခြင်းလုပ်ငန်းကို လုပ်ကိုင်နေကြသူများအနေဖြင့် eComreg Online Registration www.ecomreg.gov.mm တွင် မှတ်ပုံတင်လက်မှတ်များ လျှောက်ထား ရယူ ကြရန်နှင့် စနစ်တွင် မှတ်ပုံတင်ဆောင်ရွက်ရန် (၂)မျိုးခွဲ၍ လျှောက်ထားနိုင်ရန် ဆောင်ရွက်ထား ပါသည်။ (၁) ကုမ္ပဏီ (သို့မဟုတ်) စီးပွားရေးအဖွဲ့အစည်း (၂)  လူပုဂ္ဂိုလ်တစ်ဦးချင်း တို့ဖြစ်ပါ သည်။ eComreg Online Registration စနစ်တွင် လျှောက်ထားခြင်း လုပ်ငန်းစဉ်အား အဆင့်(၇)ဆင့်ဖြင့် သတ်မှတ်၍ လျှောက်ထားရန်ဖြစ်သည်။ စနစ်တွင် လျှောက်ထားခြင်း (၇)ဆင့် တို့မှာ (၁)Member  အဖြစ်လျှောက်ထားခြင်း (၂) အချက်အလက်များဖြည့်သွင်းခြင်း (၃) Online ကြေးပေးသွင်းခြင်း (၄) ဌာနမှ စိစစ်ခွင့်ပြုခြင်း (၅) လုပ်ငန်းရှင်မှ မှတ်ပုံတင်ကြေးပေးသွင်းခြင်းနှင့် မှတ်ပုံတင်လက်မှတ် ထုတ်ပေးခြင်း  (၆)  ပြင်ဆင်လိုသည့်  အချက်များ  ပြင်ဆင်‌လျှောက်ထားခြင်း  (၇)  သက်တမ်းတိုးလျှောက်ထားခြင်းတို့ ဖြစ်ပါသည်။ ယင်းသို့ လျှောက်ထားပြီးလျှင် သက်ဆိုင်ရာဌာနမှ လျှောက်ထား ခြင်းကို ခွင့်ပြုပေးပြီးနောက် လုပ်ငန်းရှင်မှ မိမိလျှောက်ထားသည့် လုပ်ငန်း အမျိုးအစားအလိုက် အွန်လိုင်းမှတ်ပုံတင်ကြေး ကျသင့်ငွေကို မိမိနှစ်သက်ရာ Online Payment ဖြင့် ပေးသွင်းရမည် ဖြစ်သည်။ ၎င်းနောက် မိမိလျှောက်ထားသော Certificate ကို ထုတ်ယူနိုင်မည်ဖြစ်သည်။ မှတ်ပုံ တင်လက်မှတ်ရရှိသူများအနေဖြင့် သက်တမ်းမကုန်မီ ရက်ပေါင်း (၆၀) အတွင်း သက်တမ်းတိုး လျှောက်ထားနိုင်ပါသည်။ သက်တမ်းမှာ (၂)နှစ်ရရှိမည်ဖြစ်ပါတယ်။

          စားသုံးသူများသည် ကုန်စည်နှင့်ဝန်ဆောင်မှုများအား အွန်လိုင်းစနစ်ဖြင့် ဝယ်ယူအသုံးပြု ရာတွင်  ထိခိုက်နစ်နာမှုများ မရှိစေရေးအတွက် မိမိဝယ်ယူမည့် Online Sales Business အွန်လိုင်း စနစ်ဖြင့်ရောင်းချသူများအနေဖြင့် eComreg Online Registration (မှတ်ပုံတင်)စနစ်တွင် အွန်လိုင်း မှတ်ပုံတင်လက်မှတ် ရရှိထားမှု ရှိ/မရှိ စုံစမ်းဝယ်ယူရန်နှင့် Online စနစ်ဖြင့် ရောင်းချမည့် စီးပွားရေး လုပ်ငန်းရှင်များအနေဖြင့်လည်း မှတ်ပုံတင်ရရှိပြီးမှသာ မိမိတို့လုပ်ငန်းများကို ဆောင်ရွက်ရပါမည်။ စားသုံးသူ ရေးရာဦးစီးဌာနသည် စားသုံးသူများအတွက် ကုန်စည်နှင့်ဝန်ဆောင်မှုများနှင့် ပတ်သက် ပြီး လုံခြုံစိတ်ချရမှုရှိစေရန်နှင့် စားသုံးသူအကာအကွယ်ပေးရေးလုပ်ငန်းများကို အဓိက ဆောင်ရွက် ပေးနေသော ဌာနတစ်ခုဖြစ်ပြီး သက်ဆိုင်ရာဌာန၊ အဖွဲ့အစည်းများနှင့်လည်း ပူးပေါင်းညှိနှိုင်း ဆောင်ရွက်လျက်ရှိပါသည်။  ထို့ကြောင့် စားသုံးသူရေးရာဦးစီးဌာန၏ လုပ်ငန်းဆောင်ရွက်ချက်များ ကို သိရှိလိုပါက www.doca.gov.mm တွင် ဝင်ရောက်လေ့လာနိုင်ပါကြောင်း တင်ပြလိုက်ရပါတယ်။

                         DOCA(မန္တလေး)