မကွေးတိုင်းဒေသကြီး၊ မြို့သစ်မြို့နယ်၊ စစ်တလင်းအုပ်စုရှိ ကွင်းကျေးရွာသည် နှမ်း၊ မြေပဲ၊ ပြောင်း၊ ကြက်သွန်နီနှင့် ပဲမျိုးစုံစသည့် သီးနှံများကို ရာသီအလိုက် စိုက်ပျိုးလျက်ရှိသည်။ စားဖိုဆောင် သီးနှံတစ်မျိုးဖြစ်သော ကြက်သွန်နီကို ဥစိုက်နှင့် ပင်စိုက်ဟူ၍ စိုက်ပျိုးကြပြီး ၂၀၂၄ ခုနှစ်၊ နိုဝင်ဘာလ (ပထမပတ်)တွင် ကြက်သွန်နီ(ဥစိုက်) စိုက်ဧက (၁၀၀)ခန့် စိုက်ပျိုးထားကြောင်း သိရသည်။
ကြက်သွန်နီကို စက်တင်ဘာလကုန်-နိုဝင်ဘာလဆန်းတွင် စတင်စိုက်ပျိုးပြီး ဇန်နဝါရီလတွင် တူးဖော်ရကြောင်း၊ မျိုးအနေဖြင့် ဇော်မွှားဥစိုက်နှင့် ကြမ်းကျွံဥစိုက် (ယခင်နှစ်ကကျန်သောဥသေး) တို့ဖြစ်ပြီး (ဇော်မွှားဥစိုက်)မျိုးကို အများဆုံးစိုက်ပျိုးကြောင်း၊ မျိုးဥအရွယ်အစား ပေါ်မူတည်၍ တစ်ဧကလျှင် ပိဿာချိန် ၃၅၀-၄၅၀ ခန့် စိုက်ပျိုးရကြောင်း၊ စိုက်ပျိုးရာတွင် ဘောင်လယ်ကွက်ကို ရေသွင်းစနစ်ဖြင့် အများဆုံးစိုက်ပျိုးကြကြောင်း၊ စိုက်ပျိုးမှုကုန်ကျစရိတ်အတွက် (မျိုး၊ သွင်းအားစု၊ လုပ်သားခ၊ မြေပြုပြင်ထွန်ယက်ခ) အပါအဝင် ငွေကျပ် ၃၂ သိန်းခန့် ကုန်ကျကြောင်း၊ အထွက်နှုန်း အနေဖြင့် တစ်ဧကလျှင် ပိဿာချိန် ၂၃၀၀-၂၈၀၀ ခန့် ထွက်ရှိပြီး ကြက်သွန်နီပေါ်စတွင် တစ်ပိဿာ လျှင် ကျပ် ၃၀၀၀-၃၃၀၀ ဈေးနှုန်းဖြင့် အရောင်းအဝယ်ဖြစ်ခဲ့ရာ ငွေကျပ် ၃၇ သိန်း ခန့် အကျိုးအမြတ်ရရှိကြောင်း သိရသည်။
ဈေးကွက်အနေဖြင့် မကွေးမြို့နှင့် တောင်တွင်းကြီးမြို့များရှိ ကြက်သွန်နီပွဲရုံများသို့ တင်ပို့ရောင်းချကြောင်းနှင့် ပြည်မြို့သို့လည်း သွားရောက်ရောင်းချကြောင်း၊ ထိုပွဲရုံများမှ တဆင့် ရန်ကုန်၊ ဘုရင်နောင်ပွဲရုံသို့တင်ပို့ကြောင်း၊ ယခင်နှစ်ထက် အထွက်နှုန်း အနည်းငယ် လျော့နည်းသော်လည်း ဈေးကောင်းရသောကြောင့် တောင်သူများအဆင်ပြေလျက်ရှိကြောင်း သိရှိရပါသည်။
DOCA(မကွေး)