Main menu

မြို့သစ်မြို့နယ်၊ ကွင်းကျေးရွာ၌ ကြက်သွန်နီ(ဥစိုက်)များ လှိုင်လှိုင်ထွက်ပေါ်၍ ဈေးကောင်းရ

Powered by Drupal

             မကွေးတိုင်းဒေသကြီး၊ မြို့သစ်မြို့နယ်၊ စစ်တလင်းအုပ်စုရှိ ကွင်းကျေးရွာသည် နှမ်း၊ မြေပဲ၊ ပြောင်း၊ ကြက်သွန်နီနှင့် ပဲမျိုးစုံစသည့် သီးနှံများကို ရာသီအလိုက် စိုက်ပျိုးလျက်ရှိသည်။ စားဖိုဆောင် သီးနှံတစ်မျိုးဖြစ်သော ကြက်သွန်နီကို ဥစိုက်နှင့် ပင်စိုက်ဟူ၍ စိုက်ပျိုးကြပြီး ၂၀၂၄ ခုနှစ်၊ နိုဝင်ဘာလ (ပထမပတ်)တွင်  ကြက်သွန်နီ(ဥစိုက်) စိုက်ဧက (၁၀၀)ခန့် စိုက်ပျိုးထားကြောင်း သိရသည်။

            ကြက်သွန်နီကို စက်တင်ဘာလကုန်-နိုဝင်ဘာလဆန်းတွင် စတင်စိုက်ပျိုးပြီး ဇန်နဝါရီလတွင် တူးဖော်ရကြောင်း၊ မျိုးအနေဖြင့် ဇော်မွှားဥစိုက်နှင့် ကြမ်းကျွံဥစိုက် (ယခင်နှစ်ကကျန်သောဥသေး) တို့ဖြစ်ပြီး (ဇော်မွှားဥစိုက်)မျိုးကို အများဆုံးစိုက်ပျိုးကြောင်း၊ မျိုးဥအရွယ်အစား ပေါ်မူတည်၍ တစ်ဧကလျှင် ပိဿာချိန် ၃၅၀-၄၅၀ ခန့် စိုက်ပျိုးရကြောင်း၊ စိုက်ပျိုးရာတွင် ဘောင်လယ်ကွက်ကို ရေသွင်းစနစ်ဖြင့် အများဆုံးစိုက်ပျိုးကြကြောင်း၊ စိုက်ပျိုးမှုကုန်ကျစရိတ်အတွက် (မျိုး၊ သွင်းအားစု၊ လုပ်သားခ၊ မြေပြုပြင်ထွန်ယက်ခ) အပါအဝင် ငွေကျပ် ၃၂ သိန်းခန့် ကုန်ကျကြောင်း၊ အထွက်နှုန်း အနေဖြင့် တစ်ဧကလျှင် ပိဿာချိန် ၂၃၀၀-၂၈၀၀ ခန့် ထွက်ရှိပြီး ကြက်သွန်နီပေါ်စတွင် တစ်ပိဿာ လျှင် ကျပ် ၃၀၀၀-၃၃၀၀ ဈေးနှုန်းဖြင့် အရောင်းအဝယ်ဖြစ်ခဲ့ရာ ငွေကျပ် ၃၇ သိန်း ခန့် အကျိုးအမြတ်ရရှိကြောင်း သိရသည်။

          ဈေးကွက်အနေဖြင့် မကွေးမြို့နှင့် တောင်တွင်းကြီးမြို့များရှိ ကြက်သွန်နီပွဲရုံများသို့ တင်ပို့‌ရောင်းချကြောင်းနှင့်  ပြည်မြို့သို့လည်း သွားရောက်ရောင်းချကြောင်း၊ ထိုပွဲရုံများမှ တဆင့် ရန်ကုန်၊ ဘုရင်နောင်ပွဲရုံသို့တင်ပို့ကြောင်း၊ ယခင်နှစ်ထက် အထွက်နှုန်း အနည်းငယ် လျော့နည်းသော်လည်း ဈေးကောင်းရသောကြောင့် တောင်သူများအဆင်ပြေလျက်ရှိကြောင်း သိရှိရပါသည်။

DOCA(မကွေး)