ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့မှ ကျိုင်းတုံ-လွိုင်မွေ ကားလမ်းအတိုင်းသွားလျှင် (၂၂) မိုင်ခန့်အကွာအဝေးတွင် တောင်ပေါ်မြို့လေးဖြစ်သည့် လွိုင်မွေမြို့သို့ ရောက်ရှိမည်ဖြစ်ပါသည်။ လွိုင်မွေမြို့သည် ပင်လယ်ရေမျက်နှာပြင်အထက်အမြင့်ပေ(၅၅၄၂)တွင်တည်ရှိပြီး တောင်တန်းများ ပေါ်တွင်တည်ရှိသော တောင်စခန်းမြို့လေးဖြစ်ပါသည်။ လွိုင်မွေမြို့၏ ရာသီဥတုသည် (၁၂)လတွင် (၉)လခန့် မြူနှင်းများဖြင့် အေးမြလျက်ရှိပြီး ဥတုသုံးခုတွင် ဆောင်းရာသီကာလကြာရှည်သော မြို့တစ်မြို့ဖြစ်ပါသည်။ “လွိုင်မွေ”ဟူသည်မှာ ရှမ်းဘာသာဖြင့် “လွိုင်”သည် တောင်ဟုအဓိပ္ပါယ်ရပြီး “မွေ”သည် နှင်းဟုအဓိပ္ပါယ်ဆောင်သဖြင့် နှင်းမှုန်ခသည့်တောင်ပေါ်မြို့ဟု အနက်အဓိပ္ပါယ်ဖွင့်ဆို ရမည်ဖြစ်ပါသည်။ လွိုင်မွေအား အာခါဘာသာစကားဖြင့် “ဂါမိုင်လာ”ဟုခေါ်ဆို၍ လားဟူဘာသာ စကားဖြင့် “လွိုင်မော”ဟုလည်းခေါ်ဆိုကြပါသည်။
ရှေးယခင်က လွိုင်မွေဒေသတွင် ရှမ်းတိုင်းရင်းသားများ အခြေချနေထိုင်ခဲ့ပြီး အများစုသည် ဗုဒ္ဓဘာသာဝင်များဖြစ်ကြပါသည်။ လူအနည်းစုသည် နတ်ကိုးကွယ်မှုများလည်းရှိပါသည်။ (၁၇)ရာစု နောက်ပိုင်းတွင် လွယ်၊ အာခါ၊ လွယ်လ၊ လီရှော၊ ရှမ်းတရုတ်နှင့် “ဝ”လူမျိုးများသည် တရုတ်ပြည် အနောက်ပိုင်း တလျံရှဲန်ဒေသမှတဆင့် မိုင်းယန်း၊ မိုင်းမ၊ မိုင်းလားဒေသများသို့ ဖြတ်ကျော်ပြီးလျှင် လွိုင်မွေဒေသသို့ရောက်ရှိလာပြီး အခြေချနေထိုင်လာခဲ့ကြပါသည်။
လွိုင်မွေမြို့ပတ်ဝန်းကျင်ဒေသတွင် တိုင်းရင်းသားလူမျိုးစုံရောနှောနေထိုင်ကြသဖြင့် ဘာသာ စကားမျိုးစုံနှင့်ယဉ်ကျေးမှုမျိုးစုံကိုတွေ့မြင်နိုင်ပါသည်။ လွိုင်မွေမြို့၌ (၁၉၆၀)ပြည့်နှစ်အထိ ရှမ်း ဘာသာစကားကို အများဆုံးသုံးစွဲလာရာမှ (၁၉၆၀)ပြည့်နောက်ပိုင်းတွင် မြန်မာဘာသာစကားကို အများသုံးဘာသာစကားအဖြစ် သုံးစွဲလာခဲ့ကြပါသည်။ (၁၉၉၆)ခုနှစ် စစ်တမ်းများအရ လက်ရှိအချိန်ထိ အာခါလူမျိုး(၆၀%)ခန့်ရှိပြီး အာခါအများစုမှာ ကတ်သလစ်ဘာသာဝင်များဖြစ်ကြသည်။ လားဟူလူမျိုး များမှာ(၃၀%)ခန့်ရှိပြီး အများစုမှာ နှစ်ခြင်းခရစ်ယာန်ဘာသာဝင်များဖြစ်ကြပါသည်။ အာခါလူမျိုး အနည်းစုနှင့်လားဟူလူမျိုးအနည်းစုတို့မှာ ဗုဒ္ဓဘာသာနှင့်နတ်ကိုးကွယ်သူများဖြစ်ကြသည်။
လွိုင်မွေကျေးရွာအုပ်စုတွင် (၁၉၉၆)ခုနှစ်၌ ရွာပေါင်း(၃၈)ရွာရှိပြီး အိမ်ခြေ(၉၂၂)အိမ်နှင့်လူဦး ရေ(၆၆၄၀) ဦးရှိပါသည်။ လွိုင်မွေတွင် အိမ်ခြေ (၁၀၃)အိမ်နှင့် လူဦးရေ (၆၇၀)ကျော်ရှိပါသည်။ ခရစ်ယာန်ဘာသာကိုးကွယ်မှုများမှာ (၈၅%)ခန့်ဖြစ်ပြီး ကျန်(၁၅%)မှာ ဗုဒ္ဓဘာသာနှင့် နတ်ကိုးကွယ်
သူများဖြစ်ကြသည်။ လွိုင်မွေဒေသတွင် အာခါ၊ လားဟူ၊ ရှမ်းတရုတ်၊ ရှမ်း၊ လီရှော၊ လွယ်၊ “ဝ”နှင့် ဗမာစသည့် လူမျိုးပေါင်းစုံနေထိုင်ကြသည်။ (၁၈) ရာစုတွင် လွယ်မွေမြို့သည် ကျိုင်းတုံစော်ဘွား၏ လက်အောက်၌တည်ရှိပြီး တိုက်နယ်သူကြီးက လွိုင်မွေမြို့အား အုပ်ချုပ်ခဲ့ပါသည်။
ဗြိတိသျှတို့သည် မြန်မာနိုင်ငံရှိ တောင်ကြီးမြို့၊ မေမြို့(ပြင်ဦးလွင်)၊ လွိုင်မွေမြို့တို့အား ၎င်းတို့ အင်္ဂလန်နိုင်ငံရှိ ရာသီဥတုနှင့်တူညီပြီး အေးချမ်းသာယာလှပသော သဘာဝရေမြေတောတောင်ရှုခင်း များရှိနေသောကြောင့် ဗြိတိသျှအရာရှိကြီးများသည် နွေရာသီအပန်းဖြေရန်အတွက် (၁၉၁၈) ခုနှစ်မှစ၍ လွိုင်မွေနှင့်ပန်ဝိုင်ကျေးရွာများတွင် ဥရောပပုံစံအတိုင်း အဆောက်အဦ ကြီးငယ်အလုံး (၁၀၀) ကျော်အား အုတ်၊ ကျောက်တုံးများဖြင့်တည်ဆောက်ခဲ့ကြပါသည်။ ထိုအဆောက်အဦများထဲတွင် စစ်သည်များနှင့်အစိုးရအမှုထမ်းများအတွက် ဆေးရုံ၊ လူနေအိမ်၊ စာတိုက်၊ ကတ်သလစ်ဘုရားရှိခိုး ကျောင်း၊ ပန်ဝိုင်နှစ်ခြင်းဘုရားရှိခိုးကျောင်းနှင့် ခရိုင်ဝန်နေအိမ်တို့ ဆောက်လုပ်ခဲ့ကြပါသည်။ ဗြိတိသျှ တို့၏ အဆောက်အဦများကျန်ရှိသော လွိုင်မွေမြို့တွင် ယခုမျက်မှောက် ထင်ရှားစွာမြင်တွေ့နေရသည့် သက်တမ်းအားဖြင့် အနီရောင်ချယ်သထားသော တစ်ထပ်တိုက် နှစ်(၁၀၀)စံအိမ် အဆောက်အဦကို လည်းမြင်တွေ့နိုင်ပါသည်။
၁၉၂၇ ခုနှစ်မှစ၍ လွိုင်မွေ-ပန်ဝိုင်-ကျိုင်းတုံကားလမ်းအားလည်းကောင်း၊ လွိုင်မွေ-ပန်ကွဲ-ကျိုင်းတုံ- တာချီလိတ်ကားလမ်းအားလည်းကောင်း၊ လွိုင်မွေ- ဟိုလတ်- ကျိုင်းတုံကားလမ်းအား လည်းကောင်း၊ လွိုင်မွေ-ဖာသဲ-တာချီလိတ်ကားလမ်းအားလည်းကောင်း အသီးသီးစတင်ဖောက်လုပ် ခဲ့ပါသည်။ ကားလမ်းများကောင်းမွန်လာသဖြင့် လွိုင်မွေမြို့သည် ကုန်စည်ရောင်းဝယ်ဖောက်ကားရာ မြို့တစ်မြို့အဖြစ် ထင်ရှားစည်ကားလာခဲ့ပါသည်။ ၁၉၃၀ ခုနှစ်မှ ၁၉၄၀ ခုနှစ်ကာလအတွင်း လွိုင်မွေ မြို့သည် စီးပွားရေးအကောင်းဆုံးမြို့တစ်မြို့ဖြစ်လာခဲ့ပါသည်။
လွိုင်မွေမြို့တွင် အထင်ကရနေရာတစ်ခုတွင်ပါဝင်သည့် လွိုင်မွေရေကန်သည် ရေထွက်စိမ့်စမ်း ရေရှိပြီး တစ်နှစ်ပတ်လုံးရေရရှိသဖြင့် လွိုင်မွေမြို့အတွက်အားထားရသည့် သောက်သုံးရေကန် တစ်ကန်ဖြစ်လာခဲ့ပါသည်။ ၁၉၂၇ ခုနှစ်တွင် အုပ်ချုပ်ခဲ့သော လွိုင်မွေသူကြီး ဦးစံသာသည် လွိုင်မွေရေ ကန်မှ စီးဆင်းသောစမ်းချောင်းအား ဆည်ဖို့ပေးခဲ့သဖြင့် လွိုင်မွေရေကန်ကြီးဟုပေါ်ထွန်းလာခဲ့ပါသည်။ ယခုလက်ရှိ လွိုင်မွေကန်ကြီး၏ ဘေးပတ်ဝန်းကျင်တွင် ကြိုးကြာမောင်နှံ၊ နဂါး/ရေသူမ၊ ငွေငန်း၊ ဗျိုင်းအစရှိသည့်ရုပ်ထုများနှင့်အတူ ရေကန်အလယ်တံတားတည်ဆောက်ထားသဖြင့် သာယာလှပသော အပန်းဖြေနေရာတစ်ခုအဖြစ် မြင်တွေ့နိုင်ပါသည်။ လွိုင်မွေကန်ကြီးသည် ကျိုင်းတုံမြို့ရှိ နောင်တုံကန်၊ အမှတ်(၉၃၂) ထောက်ပံ့နှင့်ပို့ဆောင်ရေးတပ်ရင်းအနီးရှိ ဗျူဟာကန်တို့နှင့်ရေကြောအားဖြင့် တစ်စပ် တည်းဖြစ်နေကြောင်း ရှေးလူကြီးသူမများက ဒဏ္ဍာရီဆန်ဆန် ပြောကြားခဲ့ကြပါသည်။ လွိုင်မွေကန် ရေတိုးလျှင် နောင်တုံကန်နှင့်ဗျူဟာကန်တို့သည် တစ်စပ်တည်းရေတိုးလျက်ရှိကြောင်းနှင့် လွိုင်မွေကန် ရေကျလျှင်လည်း နောင်တုံကန်နှင့်ဗျူဟာကန်တို့လည်း ရေကျလျက်ရှိကြောင်း သိရှိရပါသည်။ လွိုင်မွေကန်၊ နောက်တုံကန်နှင့် ဗျူဟာကန်တို့အား လေယာဉ်ဖြင့်အပေါ်စီးမှကြည့်လျှင် ၎င်းရေကန် သုံးကန်သည် နဂါးတစ်ကောင်ရစ်ခွေနေသည့် ပုံသဏ္ဍာန်ကဲ့သို့ရှိနေကြောင်း သိရှိရပါသည်။
လွိုင်မွေမြို့တွင် ရှေးယခင်က သစ်သားများဖြင့်ကာရံ၍ သဲများပုံကာ သဲပုံစေတီတစ်ဆူအား တည်ထားကိုးကွယ်ခဲ့ပါသည်။ ၁၉၉၀ ပြည့်နှစ်တွင် တည်ထားကိုးကွယ်ခဲ့သော သဲပုံစေတီနေရာအား သစ်ပင်ကြီးငယ်အသွယ်သွယ်နှင့် ချုံနွယ်ပိတ်ပေါင်းတို့ ခုတ်ထွင်ရှင်းလင်းခြင်း၊ မြေပြုပြင်ခြင်းလုပ်ငန်း များဆောင်ရွက်ခဲ့ရာ ဗုဒ္ဓမြတ်စွာ၊ ဓာတ်တော်မွေတော်၊ ဌာပနာတော်များ ကိန်းဝပ်စမ္ပာယ် တော်မူရာ ဗုဒ္ဓရုပ်ပွားတော်(၅)ဆူ တူးဖော်ရရှိခဲ့ပါသည်။ အခြေတည်ခဲ့ရာ သဲပုံစေတီတော်နေရာအား ဉာဏ်တော်(၄၅)ပေရှိသော စတုရဋ္ဌသုမင်္ဂလာစေတီတော်မြတ်ကြီးအား တည်ထားကိုးကွယ်ရန် ဆောင်ရွက်ခဲ့ရာ ကောဇာသက္ကရာဇ် (၁၃၅၁) ခုနှစ်၊ တန်ဆောင်မုန်းလဆန်း(၂) ခရစ်သက္ကရာဇ် (၁၉၉၀) ခုနှစ်၊ အောက်တိုဘာလ (၁၉) ရက်နေ့တွင် ပန္နက်တော်တင်မင်္ဂလာအခမ်းအနား စတင်ဆောင်ရွက်ခဲ့ပြီး ကောဇာသက္ကရာဇ် (၁၃၅၂) ခုနှစ်၊ နှောင်းတန်ခူးလပြည့်ကျော်(၉)ရက် ခရစ်သက္ကရာဇ် (၁၉၉၁)ခုနှစ်၊ ဧပြီလ(၇)ရက်နေ့တွင် အောင်မြင်စွာဆောင်ရွက်နိုင်ခဲ့ပါသည်။
လွိုင်မွေအုပ်စုအတွင်း မှီတင်းနေထိုင်ကြသော တိုင်းရင်းသားဒေသခံပြည်သူများအနေဖြင့် လက်ဖက်၊ ကော်ဖီ၊ ဂေါ်ရခါးသီး၊ ထောပတ်၊ ဂေါ်ဖီထုပ်၊ ပန်းဂေါ်ဖီ၊ မက်မန်း၊ စတော်ဘယ်ရီစသည့် သီးနှံများကိုစိုက်ပျိုးပြီး စိုက်ပျိုးရေးကို အဓိကထားလုပ်ကိုင်ကြပါသည်။ MSME လုပ်ငန်းများဖြစ်သော ပင်စိမ်းသီး၊ ချဉ်စော်ခါးသီး၊ မက်မန်းသီး၊ စပျစ်သီး၊ စတော်ဘယ်ရီ၊ ချယ်ရီသီးတို့မှ ထွက်ရှိသော သစ်သီးဝလံမျိုးစုံကို ဝိုင်အဖြစ်ဖောက်လုပ်ပြီး တစ်ပိုင်တစ်နိုင်စီးပွားဖြစ် အဓိကလုပ်ကိုင်လျက်ရှိပါ သည်။ ပင်စိမ်းသီးသည် လွိုင်မွေဒေသတွင် သဘာဝအလျှောက်ပေါက်သော ပင်စိမ်းပင်မှ ရရှိသော အသီးဖြစ်ပါသည်။
လွိုင်မွေဒေသတွင် ရှမ်းအရှေ့နေပြည်သူများအပြင် ပြည်တွင်း၊ ပြည်ပခရီးသွားလုပ်ငန်းဖွံ့ဖြိုး တိုးတက်လာစေရန်ရည်ရွယ်၍ ၂၀၂၂ ခုနှစ်မှစတင်ပြီး ရှမ်းပြည်နယ်အစိုးရအဖွဲ့နှင့် ဟိုတယ်နှင့်ခရီး သွားလာရေးဝန်ကြီးဌာနတို့နှင့်ပူးပေါင်း၍ နှစ်စဉ်ဆောင်းရာသီကာလဖြစ်သည့် ချယ်ရီပန်းများဖူးပွင့် ချိန်ဖြစ်သော ဒီဇင်ဘာလနှင့် ဇန်နဝါရီလများတွင် ပန်းပွဲတော်များကျင်းပရန် ရက်သတ်မှတ်၍ ချယ်ရီ ပန်းပွဲတော်ကို နှစ်စဉ်ကျင်းပလာခဲ့ရာ စတုတ္ထအကြိမ်မြောက် ချယ်ရီပန်းပွဲတော်ကို ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ (၁)ရက်နေ့မှ (၅)ရက်နေ့အထိကျင်းပခဲ့ပါသည်။ ချယ်ရီပန်းပွဲတော်တွင် အလည်အပတ် လာရောက်သော ပြည်တွင်း/ပြည်ပခရီးသွားဧည့်သည်တော်များဖြင့် စည်ကားလျက်ရှိရပါသည်။
လွိုင်မွေဒေသ၏ အဓိကအထင်ကရနေရာများဖြစ်သော နှစ်(၁၀၀)စံအိမ်၊ လွိုင်မွေရေကန်၊ စတုရဋ္ဌသုမင်္ဂလာစေတီတော်မြတ်ကြီး၊ ရိုမန်ကတ်သလစ်ဘုရားကျောင်းနှင့် လွိုင်မွေဈေးတန်း၊ လွိုင်မွေ View Point နှင့် မြန်မာပြည်ထဲတွင် ရှားရှားပါးပါးတွေ့ရသော ချယ်ရီပင်တန်းများလည်းရှိသောကြောင့် အပေါင်းအသင်းများ စုဖွဲ့၍သော်လည်းကောင်း၊ မိသားစုများနှင့်သော်လည်းကောင်း၊ အသင်းအဖွဲ့များ နှင့်သော်လည်းကောင်းစုဖွဲ့၍ အားလပ်ရက်များတွင် အပန်းဖြေအနားယူခြင်းနှင့် ပျော်ပွဲရွှင်ပွဲများ ကျင်းပပြုလုပ်ရန် တစ်ခါတစ်ခေါက်လာရောက်လည်ပတ်စေလိုကြောင်း ရေးသားဖော်ပြလိုက်ရပါ သည်။
ကိုးကား-လွိုင်မွေသမိုင်းကြောင်းမှတ်တမ်းစာအုပ်
DOCA(ရှမ်း)