စားအုန်းဆီလုပ်ငန်းရှင်နှင့် တွေ့ဆုံဆွေးနွေး

Powered by Drupal

           စားသုံးသူရေးရာဦးစီးဌာန၊စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာခရိုင်ဦးစီးမှူးရုံးမှ ခရိုင်ဦးစီးမှူးနှင့်ဝန်ထမ်းများသည် မေလ ၁၉  ရက်နေ့ နေ့လည် (၁၄:၀၀) နာရီအချိန်တွင် မုံရွာမြို့၊ ဆူးလေကုန်းရပ်ကွက်ရှိ “တင်ဝင်း” ဆီရောင်းဝယ်ရေးလုပ်ငန်းရှင်နှင့်တွေ့ဆုံ၍ ပြည်ပမှတင်သွင်းလာသည့် စားသုံးဆီများ အရည်အသွေး ပြည့်မီရေး ပြည်သူများကျန်းမာရေးနှင့်ညီညွတ်ပြီး ဘေးအန္တရာယ်ကင်းရှင်းသည့် စားသုံးဆီများကို သုံးစွဲနိုင်ရေး ဈေးကွက်အတွင်းဖြစ်သင့်ဖြစ်ထိုက်သည့် ဈေးနှုန်းများဖြင့်ဝယ်ယူသုံးစွဲနိုင်ရေးတို့အတွက် ပြည်ပမှစားသုံးဆီတင်သွင်းခြင်း၊ သိုလှောင်ခြင်း၊ ဖြန့်ဖြူးခြင်းလုပ်ငန်းများကို ထိန်းကျောင်းကြပ်မတ် ဆောင်ရွက်ရန်နှင့် ဘေးအန္တရာယ်ကင်းရှင်းသည့်လုပ်ငန်းစဉ်များကို စနစ်တကျဆောင်ရွက်ရန်အတွက် စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် သိရှိလိုက်နာဆောင်ရွက်နိုင်စေရန်အတွက် အသိပညာပေးဆွေးနွေးခဲ့ပါသည်။

            ထိုသို့တွေ့ဆုံဆွေးနွေးရာတွင် စားအုန်းဆီများဖြန့်ဖြူးသယ်ဆောင်ရာတွင် မေလ၁၅ရက်နေ့မှ စ၍ ရန်ကုန်ဆိပ်ကမ်းရှိ Shore Tank များမှ ဆီထုတ်ယူရာ၌ အဝါရောင် Food Grade Clean Drum များဖြင့်လည်းကောင်း၊ Food Grade Bowser Truck ဖြင့်လည်းကောင်း စတင်အသုံးပြုရန် လိုအပ်ကြောင်း၊ ဈေးကွက်အတွင်းဖြန့်ဖြူးရာ၌ ဓာတုဗေဒဆေးပစ္စည်းများ ထည့်သွင်းအသုံးပြုထားသည့် Drumများ တွင် စားအုန်းဆီများ ထည့်သွင်းသုံးစွဲခြင်း မပြုရန် ၊ ဈေးကွက်အတွင်းသို့ ဖြန့်ဖြူးရာတွင် Food Grade (New Drum/Clean Drum/Jerry Can/Consumer Pack)များ အသုံးပြုရန်၊ စားသုံးဆီတင်သွင်း၊ သိုလှောင်၊ ဖြန့်ဖြူးခြင်းလုပ်ငန်း ကြီးကြပ်ရေးကော်မတီထံမှ ခွင့်ပြုချက်ရရှိပြီး သက်ဆိုင်ရာကုမ္ပဏီ၏ Cap Seal များဖြင့် ချိတ်ပိတ်၍ ကုန်အမှတ်တံဆိပ် Logo များကပ်နှိပ်ရန် လိုအပ်ကြောင်း ဆွေးနွေး ပြောကြားခဲ့ပါသည်။

          ထို့နောက် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၏ ညွှန်ကြားချက်အမှတ် ၁/ ၂၀၂၁ သည် လာမည့်ဇွန်လ(၁၉)ရက်တွင် (၆)လပြည့်မြောက်တော့မည်ဖြစ်၍ သက်ဆိုင်ရာစီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် ဈေးကွက်အတွင်းဖြန့်ဖြူးရောင်းချသည့် ဟင်းသီးဟင်းရွက်ဆီ (Vegetable Oil, Cooking Oil)အမျိုးအစားနှင့်စပ်လျဉ်း၍ ကုန်အညွှန်းအမှတ်အသားဖော်ပြရာတွင် လိုက်နာရမည့် အချက်များအကြောင်း အသိပညာပေးဆွေးနွေးခဲ့ပါသည်။

DOCA(စစ်ကိုင်း)