
ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးတင်မောင်ဝင်းအား တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ အစည်းအဝေးခန်းမ (၁)တွင် ဒေသတွင်းထုတ်ကုန်ပစ္စည်းများသုတေသနနှင့် ဈေးကွက်သုတေသန ကော်မတီ၏ လုပ်ငန်းအကောင်အထည်ဖော် ဆောင်ရွက်မှုအခြေအနေများအား တာဝန်ရှိသူများက လာရောက်ရှင်းလင်းတင်ပြခဲ့ကြသည်။
ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်က“ မိမိတို့တိုင်းဒေသကြီးအတွက် အကျိုးရှိစေမည့် စိုက်ပျိုးရေး သုတေသန၊ မွေးမြူရေးသုတေသန၊ ထုတ်လုပ်မှုသုတေသနနှင့် ဈေးကွက်သုတေနလုပ်ငန်းများ ဆောင်ရွက်ရန်အတွက် စက်မှုလက်မှုနှင့် ကုန်သည်များအသင်းချုပ်နှင့် ပုသိမ်တက္ကသိုလ်မှ ပါမောက္ခ ဆရာမကြီးများပါဝင်သောအဖွဲ့အား သုတေသနလုပ်ငန်းများ ဆောင်ရွက်ရန်ဖွဲ့စည်းဆောင်ရွက်ခဲ့ပါ ကြောင်း၊ သုတေသနလုပ်ငန်းများအား လက်တွေ့နယ်ပယ်တွင် ထိထိရောက်ရောက်အသုံးချနိုင်ရန် သုတေသန ပြုလုပ်ပေးခဲ့သည့် သက်ဆိုင်သူများအားလုံးကိုလည်း ကျေးဇူးတင်ရှိပါကြောင်း၊ တိုင်းဒေ သကြီးနှင့် လူ့ဘောင်အဖွဲ့အစည်းကို အကျိုးပြုမည့် သုတေသနလုပ်ငန်းများကို ပိုမိုဆောင်ရွက်ရမည် ဖြစ်ပါ ကြောင်း၊ တိုင်းဒေသကြီးအတွက် လိုအပ်သည့် သုတေသနလုပ်ငန်းများ ဆောင်ရွက်ခြင်းအားဖြင့် စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများအတွက် များစွာအကျိုးပြုမည်ဖြစ်ပါကြောင်း၊ ယခုကဲ့သို့ သုတေသန လုပ်ငန်းများတွင် ပါဝင်ဆောင်ရွက်ခဲ့သူများကိုလည်း ကျေးဇူးတင်ရှိပါကြောင်းနှင့် အောင်မြင်အောင် ဆောင်ရွက်ကြစေလိုကြောင်း” အမှာစကားပြောကြားသည်။
ထို့နောက် စက်မှုလက်မှုနှင့် ကုန်သည်များအသင်းချုပ်ဥက္ကဋ္ဌက ပုသိမ်တက္ကသိုလ်နှင့် ဧရာဝတီ တိုင်းဒေသကြီး ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ်တို့ ပူးပေါင်း ဆောင်ရွက် ခဲ့သည့် (MSMEs) လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး သုတေသန စာတမ်းဖတ်ပွဲတွင် ရရှိခဲ့သည့် ရလာဒ်များ၊ အဏုဇီဝမြေဩဇာထုတ်လုပ်နိုင်မှု၊ ဈေးကွက်သုတေသနဖော်ဆောင်နိုင်မှုကိုလည်းကောင်း၊ ဒေါက်တာနီလာသန်း၊ ပါမောက္ခ(ဌာနမှူး)၊ သတ္တဗေဒဌာနက စပါးခင်းများတွင်ပိုးသတ်ဆေးမသုံးဘဲ ပိုးအချင်းချင်း ထိန်းချုပ်သည့်နည်းလမ်း အသုံးပြု၍ စပါးအထွက်တိုးမှုကို လေ့လာခြင်းလုပ်ငန်း သုတေသနပြုလုပ်မှုကိုလည်းကောင်း၊ ဒေါက်တာစိုးစိုးထွေး၊ ပါမောက္ခ၊ သတ္တဗေဒဌာနက ဧရာဝတီ တိုင်းဒေသကြီး၊ ပုသိမ်မြို့နယ် အတွင်းရှိ တီကောင်မျိုးစိတ်များမှ တီကျစ်စာထုတ်လုပ်ခြင်း သုတေသနလုပ်ငန်း ဆောင်ရွက်မှုအခြေအနေများကိုလည်းကောင်း၊ ဒေါက်တာလှဆန်းရီ၊ ပါမောက္ခ၊ သတ္တဗေဒဌာနက ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ ကြက်နှင့်ငါးပေါင်းစုမွေးမြူထားသော ငါးမွေးကန် များ၏ ငါးများတွင် ကျရောက်ကပ်ပါး ကောင်များကို မျိုးခွဲရှာဖွေခြင်းနှင့် ၎င်းကပ်ပါးကောင်များကို ကာကွယ်ခြင်း၊ ကုသခြင်းနည်းလမ်းများကို ဖော်ထုတ်ခြင်း သုတေသန သုတေသနလုပ်ငန်း ဆောင်ရွက် မှုအခြေအနေများကိုလည်းကောင်း၊ ဒေါက်တာဇင်မေဦး၊ ပါမောက္ခ၊ ပထဝီဝင်ဌာနက ပုသိမ်မြို့နယ်၏ စပါးထုတ်လုပ်မှုနှင့် ကုန်သွယ်မှုအလား အလာပုံစံကို လေ့လာဆန်းစစ်ခြင်း သုတေသနလုပ်ငန်း ဆောင်ရွက်မှုအခြေအနေများကိုလည်းကောင်း၊ ဒေါက်တာခင်မေချစ်မောင်၊ တွဲဖက်ပါမောက္ခ၊ အဏ္ဏဝါ သိပ္ပံဌာနက ငါးအကြေးခွံကိုအသုံးပြု၍ တန်ဖိုးမြင့် ထုတ်ကုန်များ ဖန်တီးခြင်းနှင့်ထုတ်လုပ်ခြင်း သုတေသနလုပ်ငန်း ဆောင်ရွက်မှုအခြေအနေများကိုလည်းကောင်း၊ ဒေါ်ခိုင်ဇာဝင်း၊ ကထိက၊ စီးပွားရေးပညာဌာနက ဧရာဝတီတိုင်းဒေသကြီးရှိ ရေချိုငါးမွေးမြူ ထုတ်လုပ်မှု၏ ဈေးကွက်ဖြန့်ဖြူး ခြင်းကို လေ့လာခြင်းသုတေသနလုပ်ငန်း ဆောင်ရွက်မှုအခြေအနေများကိုလည်းကောင်း၊ ဒေါက်တာ အိအိခိုင်၊ ပါမောက္ခ၊ ဓာတုဗေဒဌာနက ကောက်ရိုးမှထုတ်ပိုးပစ္စည်းစက္ကူပြုလုပ်ခြင်း သုတေသနလုပ်ငန်း ဆောင်ရွက်မှုအခြေအနေများကိုလည်းကောင်း၊ ဒေါက်တာဇော်လင်းမောင်၊ ရုက္ခဗေဒဌာနက အဏုဇီဝ မြေဩဇာကို မြေဆီမြေဩဇာထက်သန်စေရန် စိုက်ပျိုးသီးနှံများတွင်အသုံးပြုခြင်း သုတေသနလုပ်ငန်း ဆောင်ရွက်မှုအခြေအနေများကိုလည်းကောင်း အသီးသီးရှင်းလင်းတင်ပြခဲ့ရာ တိုင်းဒေသကြီး ဝန်ကြီးချုပ်က လိုအပ်သည်များကို ဖြည့်စွက်ဆွေးနွေးခဲ့ကာ ဒေသတွင်းထုတ်ကုန်ပစ္စည်းများ သုတေသန နှင့် ဈေးကွက်သုတေသနကော်မတီ၏ လုပ်ငန်းအကောင်အထည်ဖော် ဆောင်ရွက်မှုအခြေအနေများ အောင်မြင်စွာ ဆောင်ရွက်နိုင်ရေးအတွက် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ပြီး ကောက်ရိုးမှထုတ်ပိုး ပစ္စည်း စက္ကူပြုလုပ်ခြင်း သုတေသနလုပ်ငန်းမှ ပစ္စည်းနမူနာများကိုကြည့်ရှုအားပေးခဲ့ကြောင်း သတင်း ရရှိပါသည်။
DOCA(ဧရာဝတီ)