တောင်ငူခရိုင်အတွင်း သုံးစွဲရန်မသင့်သည့် တိုင်းရင်းဆေးများစစ်ဆေး

Powered by Drupal

            တိုင်းရင်းဆေးပညာဦးစီးဌာနမှ အများပြည်သူသုံးစွဲရန် မသင့်သောဆေးဝါးဖြစ်ကြောင်း ကြေညာထားသည့် အာရှရွှေကြယ် အမှတ်တံဆိပ် အဆစ်အမျက်ရောင်ရောဂါသောက်ဆေးများနှင့် Online ပေါ်တွင်ရောင်းချနေသည့် တိုင်းရင်းဆေးပညာဦးစီးဌာနတွင် မှတ်ပုံတင်ထားခြင်းမရှိသည့် ရသေ့ဆေး (သို့) ထိုင်းဗိန်းတောဆေးများ ဈေးကွက်အတွင်းရောင်းချခြင်းရှိ/မရှိ ကွင်းဆင်းစစ်ဆေး ရာတွင် လိုက်ပါဆောင်ရွက်ပေးနိုင်ပါရန် တိုင်းရင်းဆေးပညာဦးစီးဌာနမှ သက်ဆိုင်ရာမြို့နယ်ဦးစီးမှူး များ၏ ညှိနှိုင်းချက်အရ စားသုံးသူရေးရာဦးစီးဌာန၊ တောင်ငူခရိုင်၊ ဖြူးမြို့နယ်တာဝန်ခံဒေါ်သန္တာစိုး နှင့် ဝန်ထမ်းများသည် တိုင်းရင်းဆေးပညာဦးစီးဌာန၊ ဖြူးမြို့နယ်ဦးစီးမှူး ဒေါ်ဝင်းဝင်းအေးဦးဆောင် သော ဝန်ထမ်းများနှင့်အတူ မေလ ၂၁ ရက်နေ့ နံနက်ပိုင်းက ဖြူးမြို့ပေါ်ရှိ တိုင်းရင်းဆေးရောင်းချသည့် ဆေးဆိုင်များသို့ ကွင်းဆင်းစစ်ဆေးခဲ့ပါသည်။

            အလားတူ ရေတာရှည်မြို့နယ်တာဝန်ခံ ဦးဇော်ဇော်ထွေးသည် တိုင်းရင်းဆေးပညာဦးစီး ဌာန၊ ရေတာရှည်မြို့နယ်ဦးစီးမှူး ဒေါ်မေနှင်းဦးဆောင်သော ဝန်ထမ်းများ၊ မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်အေးဆုစံတို့နှင့်အတူ ရေတာရှည်မြို့ပေါ်ရှိ တိုင်း ရင်းဆေးရောင်းချသည့် ဆေးဆိုင်များသို့ သွားရောက်၍ အာရှရွှေကြယ် အမှတ်တံဆိပ် အဆစ်အမျက်ရောင်ရောဂါသောက်ဆေးများနှင့် ရသေ့ဆေး (သို့) ထိုင်းဗိန်းတောဆေးများ ရောင်းချခြင်းရှိ/ မရှိ ကွင်းဆင်းစစ်ဆေးစစ်ဆေးခဲ့ပါသည်။

           ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် တောင်ငူခရိုင်အတွင်း ဖြူးမြို့နယ်နှင့် ရေတာရှည်မြို့နယ် တို့၌ အဆိုပါဆေး ၂ မျိုးကို ရောင်းချခြင်းမရှိသည်ကို တွေ့ရှိရကြောင်းနှင့် မြို့နယ်တာဝန်ခံများက တိုင်းရင်းဆေးများတွင် မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးကော်မရှင်၏ ညွှန်ကြားချက်အမှတ် ၂/၂၀၁၉ နှင့်အညီ ကုန်အညွှန်းအမှတ်အသားများ ဖော်ပြရန် ညွှန်ကြားထားပြီးဖြစ်ပါသဖြင့် ကုန်အညွှန်းအမှတ်အသား ပြည့်စုံစွာဖော်ပြထားသော ဆေးဝါးများကိုသာရောင်းချရန် အသိပညာပေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)