မိတ္ထီလာခရိုင်၊ သာစည်မြို့နယ်၊ ရာသီစာဇီးချဉ်သီးဈေးနှုန်း

Powered by Drupal

             မိတ္ထီလာခရိုင်၊ သာစည်မြို့နယ်တွင် လယ်ယာထွက်ကုန်သီးနှံများထွက်ရှိသည့်အပြင် သီးနှံစိုက်ပျိုးသည့်လယ်ယာများ၏ လယ်ကန်သင်းများတွင်အလေ့ကျပေါက်သည့် ဇီးချဉ်သီးများမှ ဇီးချဉ် သီးရာသီချိန်တွင် တောင်သူများ တစ်လက်တလမ်းမှ အပိုဝင်ငွေရရှိလျက်ရှိပါသည်။ ဇီးချဉ်သီးမှာ ဆိတ်စားဇီးသီးနှင့် ရိုးရိုးအချဉ်သီးဟူ၍ (၂) မျိုးရှိပါသည်။ သာစည်မြို့နယ် ပေါက်တောရွာ၊ အင်းရွာ၊ ဆင်ဝင်ရွာ၊ အိုင်ကြီးလည်ရွာ အစရှိသောရွာများမှထွက်ရှိပြီး ဈေးကွက်အတွင်းဝင်ရောက် ရောင်းချနေကြောင်း တွေ့ရပါသည်။

            ဇီးသီးသည် ရာသီစာဖြစ်၍ တစ်ကြိမ်သာ စားသုံးခွင့်ရှိသော သီးနှံတစ်မျိုးဖြစ်ပြီး ဇီးချဉ်သီးကို ဒီဇင်ဘာလမှစ၍ ဖေဖော်ဝါရီလနှင့် မတ်လများအထိ ကောက်သိမ်းနိုင်ပြီး ဇီးချဉ်သီးမှရရှိသော ဇီးသီးအမှည့်ကို ဈေးကွက်သို့ အခြောက်ခံ၍ ရောင်းချခြင်း၊ ဇီးချဉ်သီးကို ဇီးယို၊ ဇီးထုပ်၊ ဇီးပြား၊ ဇီးထန်းလျက်နှင့် ဇီးဖျော်ရည်များအဖြစ် တန်ဖိုးမြင့်ထုတ်ကုန် တစ်ပိုင်တနိုင်ထုတ်လုပ် ရောင်းချကြပါသည်။ ဇီးချဉ်သီးတွင် ဗီတာမင်နှင့် သတ္တုဓာတ်များစွာပါရှိသည့်အတွက် လူသားတို့၏ ကျန်းမာရေးကိုလည်း အကျိုးပြုစေပါသည်။ဆိတ်စားဇီးချဉ်သီးမှာ တောင်သူများ တစ်ပိုင်တစ်နိုင် မွေးမြူထားသော ဆိတ်များအား အစာအဖြစ်ကျွေးပြီးနောက် ရရှိလာသော ဇီးစေ့များအား ဆိတ်စား ဇီးချဉ်သီးအဖြစ်လည်းကောင်း ရောင်းချကြပါသည်။ ဇီးချဉ်သီးနှင့် ဆိတ်စားဇီးချဉ်သီးအစေ့များကို ရွာလာပွဲစားများသို့ ရောင်းချခြင်း၊ မိတ္ထီလာပွဲရုံများသို့ တင်ပို့ရောင်းချကြကြောင်း၊ ဇီးချဉ်သီးမှ တောင်သူများ တစ်ဘက်တစ်လမ်းမှ အပိုဝင်ငွေရရှိ၍ အကျိုးဖြစ်ထွန်းလျက်ရှိကြောင်း တောင်သူများ ထံမှ သိရှိရပါသည်။ ဈေးကွက်အနေဖြင့် ယခုနှစ် ဇီးချဉ်သီးရာသီပေါ်ချိန်တွင် ဇီးချဉ်သီးဈေးနှုန်းမှာ တစ်တင်းလျှင် (၁၂၀၀၀) ကျပ်ရှိပြီး ဆိတ်စားဇီးချဉ်အစေ့မှာ တစ်တင်းလျှင် (၆၀၀၀၀) ကျပ်ရှိကြောင်း ယခုလိုကာလများတွင် လုပ်သားများအတွက် အကျိုးဖြစ်ထွန်းကာ  အလုပ်အကိုင်အခွင့်အလမ်းများ ဖြစ်ထွန်းလျက်ရှိကြောင်း သိရှိရပါသည်။ အချို့တောင်သူကြီးများတွင် ဇီးချဉ်သီးအမှည့်ခြောက် တင်း (၅၀) မှ (၈၀) အထိရရှိကြောင်း တောင်သူများထံမှ သိရှိရပါသည်။

DOCA(မန္တလေး)