‘တစ်နိုင်တစ်ပိုင်နံနံပင်စိုက်ပျိုးနည်း’

Powered by Drupal

        နံနံပင်ကို ဟင်းချက်ရာတွင် အမွှေးအကြိုင်တစ်ခုအဖြင့် အသုံးပြုပြီး နံနံအစေ့ကိုလည်း ဟင်းခပ်မဆလာအဖြစ် အသုံးပြုနိုင်ပါသည်။ မြန်မာဟင်းများတွင်သာမက မုန့်ဟင်းခါး၊ အသုပ်စုံ၊ အုန်းနို့ခေါက်ဆွဲတို့တွင်လည်း နံနံပင်ကို အသုံးပြုကြပါသည်။ နံနံပင်သည် ဆောင်းရာသီတွင် အထူးဖြစ်ထွန်းပြီး ကျန်ရာသီများတွင်ရှားပါးကာ ဈေးကြီးပေးဝယ်ရပါသည်။ ရေမဝပ်သောနုံးမြေသည် နံနံစိုက်ပျိုးရန် အသင့်တော်ဆုံးဖြစ်ပါသည်။ ရွှံ့စေးဆန်သောမြေနှင့်သဲမြေများ၌ နွားချေး၊ မြေဆွေး၊ ဖွဲပြာတို့ကိုထည့်၍ သင့်တော်သည့် မြေအနေအထားရအောင်ပြုပြင်၍ စိုက်ပျိုးနိုင်ပါသည်။ နံနံပင်ကို ဘောင်များပြုလုပ်၍စိုက်ပျိုးပါက အထူးကောင်းမွန်ပါသည်။ ဘောင်များကို(၄-၅)လက်အမြင့်ပြုလုပ်ပြီး (၂-၃)ပေ အကျယ်ဖြင့် အရှည်ကို အလိုရှိသလောက်ထားကာစိုက်ပျိုးနိုင်ပါသည်။ နံနံစေ့မစိုက်ခင် မြန်မြန်အပင်ပေါက်ရန် ရေတွင်(၂၄)နာရီကြာစိမ်ထားပေးရပါသည်။ အစေ့ကိုရေမစိမ်အိတ်ပေါ်တွင်တင်၍ ပုလင်းဖြင့်နှစ်ခြမ်းကွဲသွားအောင်ခြမ်းထားရပါမည်။ (၂၄)နာရီကြာရေစိမ်ပေးပြီးလျှင် နံနံအစေ့ကိုဆယ်ထားရပါမည်။ နံနံစေ့ထည့်စိုက်ရန် ဘောင်ပေါ်တွင်အတန်းဆွဲ၍ထည့်စိုက်ထားရပါသည်။ နံနံစိုက်ပျိုးပြီးသောအခါတွင် နွားချေးအမှုန့်၊ ကြက်ချေးအမှုန့်နှင့်မြေဆွေးတို့ကိုဘောင်ပေါ်မှာအုပ်ထားပေးပြီးရေများလောင်းပေးရပါသည်။စိုက်ပျိုးပြီးပါကရေကိုလျော့ပြီးလောင်းပေးရပါသည်။ အပင်ငယ်များပေါက်လာချိန်တွင် ရေများများလောင်းပါကခါးရိရောဂါဖြစ်စေနိုင်ပါသည်။          အပင်ငယ်များပေါက်လာပြီးနောက် နှစ်ပတ်အကြာတွင်ပုလဲမြေဩဇာကိုပတ်ဖျန်းပေးခြင်း ဖြင့်အပင်များပို၍သန်မာလာစေပါသည်။ နံနံမျိုးစေ့ထုတ်ယူမည်ဆိုပါက ဆောင်းရာသီ၊ နိုဝင်ဘာလ တွင်အပင်များကိုဘောင်ဖြင့် သီးသန့်ရွှေ့ပြောင်းစိုက်ထားရပါသည်။ ပင်ကြား၊ တန်းကြား (၆) လက်မခန့်ခွာ၍ စိုက်ထားလျှင်ပန်းများပွင့်လာပြီး နံနံသီးများသီးလာပါသည်။ နံနံသီးများမှည့်လာလျှင်အပင်များကို ရိတ်သိမ်းပြီးအစေ့များကိုချွေယူ၍ရနိုင်ပါသည်။

DOCA(ရှမ်း)