ဧရာ၀တီတိုင်းဒေသကြီး စားသုံးသူရေးရာဦးစီးဌာန တိုင်းဦးစီးမှူးရုံး အစည်းအဝေးခန်းမ၌ တရားမ၀င်ကုန်သွယ်မှုများမရှိစေရေး လုပ်ငန်းရှင်များအား အသိပညာပေး ဆွေးနွေးပွဲကို ၂၆-၅-၂၀၂၂ ရက်နေ့ မွန်းလွဲ ၁၃:၀၀ နာရီတွင် ကျင်းပပြုလုပ်ခဲ့ပါသည်။
အခမ်းအနားသို့ တရားမ၀င်ကုန်သွယ်မှုတိုက်ဖျက်ရေး အထူးအဖွဲ့ကိုယ်စား တွဲဖက်အတွင်းရေးမှူး(၁) တိုင်းဒေသကြီးအကောက်ခွန်ဦးစီးဌာန ညွှန်ကြားရေးမှူးဦးမြ၀င်း၊ အထူးအဖွဲ့ တွဲဖက်အတွင်းရေးမှူး(၂) တိုင်းဒေသကြီးစားသုံးသူရေးရာဦးစီးဌာန ညွှန်ကြားရေးမှူး ဦးစိုးအောင်၊ အဖွဲ့၀င်ဌာနဆိုင်ရာများဖြစ်သော ငါးလုပ်ငန်းဦးစီးဌာန၊ မြန်မာ့ဆိပ်ကမ်းအာဏာ ပိုင်၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ ရေနံထွက်ပစ္စည်း ကြီးကြပ်ရေးဦးစီးဌာန၊ သစ်တောဦးစီးဌာနမှ တာ၀န် ရှိသူများနှင့် ရေယာဉ်ပိုင်ရှင်များ၊ စက်သုံးဆီလုပ်ငန်းရှင်များ၊ သစ်ခွဲစက်လုပ်ငန်းရှင်များ၊ ကုန်တင်ယာဉ်ပိုင်ရှင်များအသင်း ဥက္ကဌနှင့်စီးပွားရေးလုပ်ငန်းရှင်များ စုစုပေါင်း (၃၀)ဦးခန့် တက်ရောက်ခဲ့ပါသည်။
ဧရာ၀တီတိုင်းဒေသကြီး တရားမ၀င်ကုန်သွယ်မှု တိုက်ဖျက်ရေး အထူးအဖွဲ့ကိုယ်စား တွဲဖက်အတွင်းရေးမှူး (၁) တိုင်းဒေသကြီး အကောက်ခွန်ဦးစီးဌာန ညွှန်ကြားရေးမှူး ဦးမြ၀င်းက စီးပွားရေးကို အကောင်အထည်ဖော်ဆောင်ရွက်ရာတွင် တရားမ၀င်ကုန်သွယ်မှုများသည် အဓိက အဟန့်အတားဖြစ်စေပြီး တရားမ၀င်ကုန်သွယ်မှုများကြောင့် အဂတိလိုက်စားမှုများ ကြီးထွားလာခြင်း၊ ရသင့်ရထိုက်သည့် အခွန်အခများ ဆုံးရှုံးနိုင်ခြင်း စားသုံးသူပြည်သူများ ကျန်းမာရေးထိခိုက်မှုရှိနိုင်ခြင်းနှင့် ဆိုးကျိုးများ ဖြစ်ပေါ်နိုင်သည့်အတွက် တရားမ၀င် ကုန်သွယ်မှုများ မရှိစေရေးလုပ်ငန်းရှင်များအား အသိပညာပေး ဆွေးနွေးပွဲပြုလုပ်ရခြင်းဖြစ်ကြောင်း အဖွင့်အမှာစကား ပြောကြားခဲ့ပါသည်။
ဆက်လက်၍ တက်ရောက်လာသော ဌာနဆိုင်ရာအကြီးအကဲများမှ တရားမ၀င်ကုန်သွယ်မှုများ မရှိစေရေးအတွက် သက်ဆိုင်ရာကဏ္ဍအလိုက် ဆွေးနွေးခဲ့ပြီး တက်ရောက်လာသူများမှလည်း သိလိုသည်များကိုမေးမြန်းခဲ့ရာ တာ၀န်ရှိသူများက ပြန်လည်ဖြေကြားပေးခဲ့ကြောင်း သိရသည်။
DOCA(ဧရာဝတီ)