
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ဓနုဖြူမြို့နယ်တွင် ဗူးပင်စိုက်ပျိုး၍ ဗူးသီးထွက်ရှိနေပြီး ရန်ကုန်သို့ တင်ပို့လျက်ရှိကြောင်း သိရသည်။ ဓနုဖြူမြို့နယ်တွင် ဟင်းသီးဟင်းရွက်သီးနှံစုံကို ဆောင်း၊ နွေရာသီတို့တွင် စိုက်ပျိုးတောင်သူများပေါများကြောင်း သိရသည်။
စိုက်ပျိုးမှုအနေဖြင့် ဗမာမျိုးဗူးကိုသာစိုက်ပျိုးပြီး မြို့နယ်အတွင်း ဝယ်ယူ၍ ရရှိသည်။ ဗူးမျိုးစေ့ ၂၀စေ့ပါ တစ်ထုတ်ကို ၁၅၀၀၀ကျပ် ဝယ်ယူပြီးစိုက်ပျိုးကြောင်း၊ နှစ်စဉ်စိုက်ပျိုးလာ၍ ဗူးပင်မှ မျိုးစေ့ခံ၍ နှစ်စဉ် ဗူးမျိုးစေ့ပါရောင်းချနေပြီး ဗူးစေ့ ၁စေ့ကို ၃၀၀ ကျပ်ထိဈေးရရှိသည်။ စိုက်ပျိုးရာတွင် စင်တင်စိုက်ပျိုးခြင်းနည်းဖြင့်သာ စိုက်ပျိုးကြသည်။ အခြားသော ဗူးစိုက်ပျိုးသူများက မြေချစင်မဲ့စိုက်ပျိုးခြင်းလဲရှိကြောင်း၊ စင်ထိုးစိုက်ပျိုးပါက ဝါးစင်သည် ၂နှစ်အတွင်း ပြန်လည်အသုံးပြု၍ ရရှိကြောင်းသိရသည်၊ ဗူးသက်တမ်းမှာ ၂၀၂၄ခုနှစ် နိုဝင်ဘာလတွင် စိုက်ပျိုးပါက ၂၀၂၅ခုနှစ် ဖေဖော်ဝါရီလမှ မေလအထိထွက်ရှိကြောင်း၊ စိုက်ပျိုးရာတွင် ၀.၃၀ ဧကတွင် အပင်ရေ ၅၀ ခန့် စိုက်ပျိုးပြီး ၂လခွဲ အကြာတွင် အသီး စတင်ခူးရကြောင်း ဗူး စိုက်ပျိုးထုတ်လုပ်မှု ကုန်ကျ စရိတ်အနေဖြင့် မျိုး၊ သွင်းအားစု၊ လုပ်သားခ၊ ဝါး ဖိုး အပါအဝင် ငွေကျပ် ၁၈၀၀၀၀ခန့် ကုန်ကျကြောင်း၊ ၁လကို ၄ကြိမ်ခူးရပြီး ၁ကြိမ်ခူးလျှင် ၅၀လုံးခန့်ထွက်ရှိသည်။ ၄လအကြာအထိ အသီးလှိုင်လှိုင်ထွက်ရှိသောကြောင့် ဗူးသီးထွက်ရှိမှု အလုံး ၄၀၀-၅၀၀ ထိ ထွက်ရှိကြောင်းသိရသည်။
ယခု ဗူးသီးဈေးနှုန်းအနေဖြင့် အလုံးကြီး(၁)လုံးလျှင် (၁၅၀၀-၂၀၀၀)ကျပ်ဖြင့် လက်ကားဈေးရောင်းချ ရပြီး ရန်ကုန်တင်ပို့မည်ဆိုပါက ဗူးသီးတစ်လုံး ၁၀၀၀ ကျပ်ဖြင့် တင်ပို့ရောင်းချရသည်။ အကျိုးအမြတ်အနေဖြင့် ယခုနှစ်တွင် ၃၅၀၀၀၀-၄၀၀၀၀၀ကျပ် နီးပါး အကျိုးအမြတ်ရရှိ၍ ဗူးပင်စိုက်သူများ စီးပွာဖြစ်အဆင်ပြေလျက် ရှိကြောင်း၊ ဈေးကွက်တင်ပို့မှုအနေဖြင့် ရန်ကုန်သို့ အဓိကထားတင်ပို့ပြီး မြို့နယ်တွင်းနှင့် ပန်းတနော် မြို့များရှိ ဗူးသီးကျော်သူများထံသို့လဲ တင်ပို့ရောင်းချရပြီး ဗူးပင်စိုက်ပျိုးမှု ကုန်ကျစရိတ်သက်သာ၍ အကျိုးအမြတ်ရရှိ၍ နှစ်စဉ်စိုက်ပျိုးလျက်ရှိကြောင်း သိရှိရပါသည်။
DOCA(ဧရာဝတီ)