
ဧရာဝတီတိုင်းဒေသကြီး၊ ကြံခင်းမြို့နယ်၏ မြေဩဇာကောင်းမွန်သော နှုန်းမြေပေါ်တွင် ငရုတ်သီးစိုက်ပျိုးရန် အကောင်းဆုံးဖြစ်ပြီး ဟင်းခတ်အမွှေးအကြိုင်သီးနှံတွင် မပါမဖြစ်သုံးစွဲနေသောငရုတ်သီး ကို ပြည်ပသို့တင်ပို့ရန်နှင့် ပြည်တွင်းသုံးစွဲရန် ယခုနှစ်ဆောင်းရာသီတွင် စိုက်ဧက( ၄၈၃ ) ဧကဝန်းကျင် စိုက်ပျိုးလျက်ရှိကြောင်း သိရသည်။
ကြံခင်းမြို့နယ်အတွင်းရှိ ငရုတ်စိုက်တောင်သူများသည် ကျောက်စိမ်း၊ ဇီစွယ်နှင့် မိုးဂုတ်တို့ကို အဓိကစိုက်ပျိုးကြကြောင်း၊ သီးနှံစိုက်ပျိုးမှု ကုန်ကျစရိတ်အနေဖြင့် တစ်ဧကလျှင် မျိုး၊ သွင်းအားစု၊ လုပ်အားခအပါအဝင် ၈ သိန်းကျပ်ခန့် ကုန်ကြပါသည်။ ငရုတ်ထွက်ရှိမှုအနေဖြင့် တစ်ဧကလျှင် ပိဿာချိန် ၁၃၀၀ ကျော် ထွက်ရှိပြီး၊ တစ်ပတ်ခြားတစ်ကြိမ်ခူးဆွတ်ရပါသည်။ ဈေးနှုန်းအနေဖြင့် ငရုတ်အစိုတစ်ပိဿာလျှင် ၃၀၀၀ ကျပ်မှ ၅၀၀၀ကျပ် အထိရရှိကြောင်း၊ အကျိုးအမြတ်အနေဖြင့် ၃ သိန်းကျပ် ဝန်းကျင်ရရှိကာ ထွက်ရှိသော ငရုတ်သီးများကို ငရုတ်ဒိုင်သို့ရောင်းချကြောင်း၊ ငရုတ်ဒိုင်မှတဆင့် မြို့နယ်တွင်း နှင့် ပုသိမ်မြို့တို့သို့ အဓိက တင်ပို့ရောင်းချကြောင်း ငရုတ်စိုက်တောင်သူတစ်ဦး၏ ပြောကြားချက်အရ သိရှိရပါသည်။
DOCA(ဧရာဝတီ)