
ဧရာဝတီတိုင်းဒေသကြီး မအူပင်ခရိုင် မအူပင်မြို့နယ်တွင် ဒေသထွက် ဖူးစားပြောင်းများ ယခင်နှစ်ထက် စျေးကောင်းရရှိနေကြောင်း မအူပင်မြို့ရှိ ဖူးစားပြောင်းရောင်းချသူများထံမှ သိရသည်။
မအူပင်မြို့နယ်တွင် မိုးကာလ ကတည်းက စိုက်ပျိုးခဲ့သည့် ဖူးစားပြောင်းများ ယနေ့အထိ ထွက်ရှိနေပြီး မအူပင်ဈေးကွက်အတွင်းအရောင်းအဝယ်ဖြစ်နေပြီး ရန်ကုန်သို့လည်း တင်ပို့ရ ကြောင်း သိရသည်။ အဆိုပါဒေသထွက် ဖူးစားပြောင်းများသည် ပြီးခဲ့သည့်နှစ် ပြောင်းဖူးပေါ်ချိန်က ဖူးစားပြောင်းတစ်ဖူးလျှင် ငွေ ၂၀၀ ကျပ် စျေးသာရှိခဲ့ပြီး ယခုနှစ် ပြောင်းဖူးပေါ်ချိန်တွင် ဖူးစားပြောင်းတစ်ဖူးလျှင် ငွေ ၅၀၀ ကျပ်ထိ စျေးကောင်းရရှိနေကြောင်း သိရသည်။ ဖူးစားပြောင်း စတင်ထွက်ရှိချိန် နိုင်ဝင်ဘာလက ၁ဖူးလျှင် ငွေကျပ် ၁၀၀၀နှုန်းဖြင့် လက်ကားဈေးရောင်းချရပြီး ၂၀၂၅ခုနှစ် ဖေဖော်ဝါရီ တတိယပတ်တွင် ဖူးစားပြောင်း ၁ဖူးလျှင် ၄၀၀ကျပ် နှုန်းဖြင့်သာ ရန်ကုန်သို့ လက်ကားဈေးဖြင့် တင်ပို့နေပြီး ဈေးနှုန်း နှိုင်းယှဉ်ပါက ငွေကျပ် ၆၀၀ ကျဆင်းလာပြီး အရောင်းအဝယ်ဖြစ်နေကြောင်း သိရသည်။ ရန်ကုန်ဘက်သို့ ဒေသထွက်သီးနှံများတင်ပို့မှုက စျေးကွက်ကောင်းပြီး အဝယ်သွက်လျှက်ရှိသည်။ ဒေသတွင်းရောင်းချပါက ဈေးပိုမိုရကြောင်း ဖူးစားပြောင်းရောင်းသူမှ ရှင်းလင်းပြောပြသည်။ လက်ရှိတစ်နေ့ကို ၁၀ ဘီးကား ၅ စီးကနေ ၁၀စီးထိ တင်ပို့ရောင်းချနေရပါတယ်။ မအူပင်ခရိုင်တွင် ဖူးစားပြောင်းစိုက်ဧက ၄၂၆၀၆ ဧက စိုက်ပျိုးခဲ့ကြပြီး ထွက်ရှိမှုအနေဖြင့် ဖေဖော်ဝါရီလ ဒုတိယပါတ်အထိ ၂၃၄၇၆၈၇၀၉ ထွက်ရှိပြီးကြောင်း ရန်ကုန်သို့ ဖူးစားပြောင်း ၁၀၀ပါ အိတ် ၅၀၀၀ ခန့်တင်ပို့ခဲ့ကြောင်း ဈေးကွက်မှသိရှိရပါသည်။
DOCA (ဧရာဝတီ)