
ပူစီနံပင်ကို နေရာဒေသမရွေး စိုက်ပျိုး၍ရနိုင်ပါသည်။ မြေအိုး၊ ပန်းအိုး၊ ပလတ်စတစ်ဘူးခွံများတွင် မြေဆွေး၊ နွားချေးထည့်၍လည်း တပိုင်တနိုင်စိုက်ပျိုး၍ ရပါသည်။ အချို့က စိုက်ခင်း အဖြစ် စီးပွားဖြစ်စိုက်ပျိုးကြပါသည်။ ပူစီနံပင်ကို ရေမပြတ်လောင်းပေးနိုင်က တစ်နှစ်ပတ်လုံး စားသုံးနိုင်ပါသည်။ ဆောင်းတွင်းကာလတွင် ဖြစ်ထွန်းမှုနည်းပြီး နွေရာသီနှင့် မိုးရာသီတွင် ပိုမိုဖြစ် ထွန်းပါသည်။ ပူစီနံပင်သည် ခဏခဏခူးယူရောင်းချရသော အပင်မျိုးဖြစ်၍ ခူးယူလေအတက်ထွက် လေဖြစ်သည်။ ပူစီနံရွက်သည် အနံ့ပြင်းပြင်းအရသာနှင့် မွှေးကြိုင်ပါသည်။
ဈေးကွက်တွင် အမြဲရှိပြီး နေ့စဉ်ရောင်းချရသော အရွက်တစ်မျိုးလည်းဖြစ်သည်။ စိုက်ပျိုးသူများမှာလည်း ကုန်ကျစရိတ်သက်သာဆုံးဖြင့် ဝင်ငွေများစွာရရှိနိုင်ပါသည်။ ဈေးကွက်အတွင်း၌ (၁၀) ပင်တစ်စည်းလျှင် ၅၀၀ ကျပ်နှုန်းဖြင့်ရောင်းချလျက်ရှိကြောင်း သိရှိရပါသည်။
DOCA(တနင်္သာရီ)