ကုလားပဲစိုက်ပျိုးရေးနှင့်ဈေးနှုန်းဈေးကွက်

Powered by Drupal

               ကုလားပဲကိုအင်္ဂလိပ်ဘာသာစကားအရ Chickpeaလို့ခေါ်ဝေါ်ကြပြီး ရုက္ခဗေဒအမည်မှာ Cicer Arietium ဖြစ်ပါသည်။ ကုလားပဲကို အထက်မြန်မာပြည် စစ်ကိုင်းတိုင်းဒေသကြီး ၊မန္တလေးတိုင်းဒေသကြီးနှင့် မကွေးတိုင်းဒေသကြီးတို့တွင် ဆောင်သီးနှံ အဖြစ်အများဆုံး စိုက်ပျိုးကြသည်။ကုလားပဲ ကိုပြည်တွင်း စားသုံးမှုများသကဲ့သို့ ပြည်ပတင်ပို့ရောင်းချရန်အတွက်ပါ စိုက်ပျိုးကြပါသည်။ မန္တလေးတိုင်းဒေသကြီးအတွင်း ကုလားပဲကို ကျောက်ဆည်ခရိုင်တွင် အများဆုံးစိုက်ပျိုးလျက်ရှိပြီး စိုက်ဧက ၆၀၉၇၅ခန့်၊ဒုတိယအများဆုံးအနေဖြင့် မိတ္ထီလာခရိုင်တွင် စိုက်ဧက ၅၃၆၀၆ခန့်၊ ရမည်းသင်းခရိုင်တွင် စိုက်ဧက ၃၁၆၅၄ခန့်၊မြင်းခြံခရိုင်တွင် စိုက်ဧက ၃၁၄၇၇ခန့်၊တံတားဦးခရိုင် တွင်စိုက်ဧက ၁၁၃၃၃ ခန့်၊ညောင်ဦးခရိုင်တွင်စိုက်ဧက ၅၁၇၄ ခန့်စိုက်ပျိုးလျက်ရှိကြောင်း စိုက်ပျိုးရေးဦးစီးဌာန၏ ၂၀၂၄-၂၀၂၅ ခုနှစ်စာရင်းအရသိရှိရပါသည်။ကုလားပဲစိုက်ပျိုးရာတွင် မြေပြုပြင်ခြင်း၊စိုက်ပျိုးပြုစုခြင်း၊ရိတ်သိမ်းချွေလှေ့ခြင်း၊သွင်းအားစု စသည့်ဖြင့် တစ်ဧကကုန်ကျ စရိတ်(၄၀၀၀၀၀-၄၅၀၀၀၀)ကျပ်ခန့်ကုန်ကျလျက်ရှိပါသည်။တစ်ဧကလျှင် ကုလားပဲအထွက်တင်း (၁၅)တင်းခန့်ထွက်ရှိပါသည်။ မြန်မာကုလားပဲကို အဓိက အားဖြင့် အိန္ဒိယနိုင်ငံသိုတင်ပို့ကြပြီး တရုတ်နိုင်ငံ၊စင်္ကာပူနိုင်ငံ၊ကိုရီးယားနိုင်ငံ၊ဘင်္ဂလားဒေ့ရှ်နိုင်ငံ တို့ကိုလည်းတင်ပို့ကြပါသည်။ ယခု အချိန်အခါသည် ကုလားပဲစတင်ရိတ်သိမ်းသည့်အချိန်ကာလ ဖြစ်ပြီး မန္တလေးဈေးကွက်အတွင်းသို့ ကျောက်ဆည်၊သဲတော၊ဝမ်းတွင်း၊မြင်းမူ၊မတ္တရာနှင့် စစ်ကိုင်းတိုင်းမုံရွာတို့မှဝင်ရောက်လျက် ရှိပါသည်။ယခုအခါတွင်ကုလားပဲဖြူလုံးကြီး(V2)တစ်တင်းလျှင်(၈၀၀၀၀)ကျပ်ခန့်၊ကုလားပဲ(ဗမာ) တစ်တင်းလျှင်(၇၉၀၀၀) ကျပ်ဝန်းကျင်ခန့် ၊ကုလားပဲ(ထိုင်ဝမ်) တစ်တင်းလျှင် (၇၈၀၀၀)ကျပ် ဝန်းကျင်ခန့်ဖြင့်အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်းမန္တလေးကုန်စည်ဒိုင်ဈေးကွက်များအရ သိရှိရပါသည်။

DOCA(မန္တလေး)