ဈေးကွက်သို့စဉ်ဆက်မပြတ်ဝင်ရောက်လျက်ရှိသည့် ပန်းဂေါ်ဖီ(ခေါ်)ပန်းမုန်လာ

Powered by Drupal

            မြင်းခြံခရိုင်၊ မြင်းခြံမြို့နယ်အတွင်းရှိ သမုန်းကိုင်းကျေးရွာတွင် ပန်းဂေါ်ဖီများ စိုက်ပျိုး လျက်ရှိရာ ပန်းဂေါ်ဖီသည် အေး၍စိုစွတ်သောရာသီဥတုကို ကြိုက်နှစ်သက်ပြီး စိုက်ပျိုးရာတွင် မျိုးစေ့ကို ပျိုးထောင်စိုက်ပျိုးရကြောင်း၊ ပျိုးသက်(၁)လအကြာတွင် စိုက်ခင်းထဲသို့ ခွဲ၍စိုက်ပျိုးရ ကြောင်း၊ တစ်ဧကလျှင်အပင်ရေ (၁၀၀၀၀)ခန့်ဝန်းကျင် စိုက်ပျိုးနိုင်ကြောင်းနှင့် စတင်ပျိုးထောင်၊ စိုက်ပျိုးသည်မှ (၃)လခွဲခန့်အကြာတွင် အပွင့်များခူးဆွတ်ရကြောင်း၊ အောက်တိုဘာလနှင့် နိုဝင်ဘာလတို့တွင် ပျိုးထောင်စိုက်ပျိုးခဲ့ပြီး ဇန်နဝါရီလကုန်ပိုင်းမှစတင်ကာ အပွင့်များ ခူးဆွတ် ရောင်းချလျက် ရှိကြောင်းသိရှိရသည်။

             ဈေးနှုန်းများအနေဖြင့် သီးနှံပေါ်စတွင် စိုက်ခင်းအရောက်လာရောက် ဝယ်ယူပါက ပန်းဂေါ်ဖီ တစ်ပွင့်လျှင် (၁၃၀၀/၁၅၀၀)ကျပ်နှုန်းဝန်းကျင်ရောင်းချရပြီး ယခုအခါမြင်းခြံမြို့ရှိ ဈေးများသို့ သွားရောက်ရောင်းချပါက အပွင့်ကြီးတစ်ပွင့်လျှင် (၁၅၀၀)ကျပ်၊ အလတ်(၁၂၀၀)ကျပ်၊ အသေး (၉၀၀/၁၀၀၀)ကျပ်နှုန်းတို့ဖြင့် ဒေသတွင်းစားသုံးမှုအဖြစ်သာ ရောင်းချရကြောင်း၊ တစ်ဧကကုန်ကျ စရိတ်အနေဖြင့် မြေပြုပြင်ခြင်း၊ သွင်းအားစု၊ မျိုးစေ့၊ လုပ်အားခအပါအဝင် စက်သုံးဆီ ဈေးနှုန်းကြီးမြင့်မှုတို့ကြောင့် (၂၅၀၀၀၀၀)ကျပ် ခန့်ကုန်ကျပါကြောင်း၊ ပျမ်းမျှအထွက်နှုန်းအနေဖြင့် အပွင့်(၅၀၀၀)ခန့်ထွက်ရှိပြီး အနိမ့်ဆုံးဈေးဖြင့် ရောင်းချရပါက တစ်ဧကလျှင်ရရှိငွေ(၆၅၀၀၀၀၀) ကျပ်ခန့်ဖြစ်သဖြင့် တောင်သူအကျိုးအမြတ်ကျပ်သိန်း (၄၀)ခန့်ရှိကြောင်း မြင်းခြံမြို့နယ်၊ သမုန်းကိုင်း ကျေးရွာနေ ပန်းဂေါ်ဖီစိုက် တောင်သူတစ်ဦး၏ ပြောကြားချက်အရ သိရှိရပါသည်။

DOCA(မန္တလေး)