
ဗောက်သီးကို ဖောင်ဖောင်သီး၊ ဗောက်လောက်သီး၊ ဘောင်ဘောင်သီး စသဖြင့် ခေါ်ဆို ကြပါသည်။ ဗောက်သီးကို အင်္ဂလိပ်လို Ground Cherry ဟုခေါ်ပြီး သိပ္ပံနာမည်ကတော့ Physalis Peruviana ဟုခေါ်ဆိုပါသည်။ အခြားဒေသများတွင် Cape Gooseberry ဟုလည်း ခေါ်ဆိုကြောင်း လေ့လာသိရှိရပါသည်။ ဗောက်ပင်မှာ အရိုင်းနှင့်အယဉ်ဟူ၍(၂)မျိုးရှိသော်လည်း ပါဝင်သည့် ဗီတာမင် နှင့်အာနိသင်များမှာ တူသည်ဟုပြော၍ရပါသည်။ တစ်ရာသီခံပင်ပျော့အမျိုးအစားဖြစ်ပြီး (ခရမ်းပင်၊ ခရမ်းချဉ်ပင်၊ သခွားပင်) စသည့်အမျိုးအစားထဲတွင် ပါဝင်ပါသည်။ ဗောက်သီးကို နိုင်ငံတော်တော် များများတွင် စီးပွားဖြစ်စိုက်ပျိုးကြပါသည်။ ဗောက်ပင်အရိုင်းများကို မြန်မာနိုင်ငံအလယ်ပိုင်းတွင် အများဆုံး တွေ့ရလေ့ရှိပြီး ပြင်ဦးလွင်နှင့် ရှမ်းပြည်ဘက်တွင် ပိုမိုပေါက်ရောက်ပါသည်။ မျိုးစိတ် စုစုပေါင်း (၇၀)ဝန်းကျင်ရှိပြီး အအေးပိုင်းတွင် ပေါက်ရောက်သော ဗောက်သီးများတွင် အလုံးအရွယ်အစား ပိုကြီးပြီး အရောင်ပိုရင့်တတ်သည်ဟုသိရှိရပါသည်။ စိုက်ပျိုးသည့်နိုင်ငံနှင့်မျိုးစိတ်ကိုလိုက်၍ အသီးအရောင် ကာလာနှင့် အသုံးပြုပုံများကွဲပြားပါသည်။
ဗောက်သီးတွင် Vitamin -A, Vitamin -C,Vitamin-B1,B2,B3,B12 တွေအပြင် Fiber ဓာတ်များစွာပါဝင်ပါသည်။ မိမိတို့နိုင်ငံအတွင်း ဗောက်သီးကို အစိမ်းစားကြသလို အခြားနိုင်ငံများ၌ Pie/ Tart နှင့်ကိတ်မုန့်များပြုလုပ်ရာတွင်လည်း ထည့်၍စားသုံးကြကြောင်း သိရှိရပါသည်။ စပျစ်သီးခြောက်ကဲ့သို့ ပြုလုပ်ပြီးစား၍လည်းရပါသည်။ ဗောက်သီးတွင် သံပုရာသီးထက် ဗီတာမင်စီ နှစ်ဆနီးပါးပါဝင်ပါသည်။ ဗောက်သီးကိုစားသုံးပေးခြင်းဖြင့် ကိုယ်ခံအားစနစ်ကို တိုးမြှင့်ပေးနိုင်ခြင်း၊ မျက်စိရောဂါကာကွယ်နိုင်စွမ်း ရှိခြင်း၊ အသည်းကျန်းမာစေခြင်း၊ နှလုံးသွေးကြောကျဉ်းရောဂါ၊ လေဖြတ်ခြင်းနှင့် ကင်ဆာရောဂါများကို ကာကွယ်ပေးခြင်း၊ အအေးမိတုပ်ကွေးရောဂါများကို သက်သာစေခြင်း၊ ကျောက်ကပ်ကို ကျန်းမာရေး ကောင်းမွန်စေခြင်း၊ အမြင်အာရုံကောင်းမွန်စေခြင်း၊ ဘက်တီးရီးယားများကို သေစေနိုင်ခြင်း၊ အရိုးများကို ကြံ့ခိုင်သန်စွမ်းစေခြင်း၊ Melatonin ပါဝင်သည့်အတွက် ကောင်းမွန်စွာအိပ်ပျော်နိုင်ခြင်း၊ Pectin ပါဝင်သဖြင့် အစာချေအူလမ်းကြောင်း၏ လုပ်ဆောင်မှုများကို အဆင်ပြေချောမွေ့စေပြီး ဝမ်းမချုပ်အောင် ကာကွယ်ပေးသည့် အမျှင်ဓာတ်များစွာ ပါဝင်ပါသည်။
တိရစ္ဆာန်မွေးမြူသူတို့သည် ရှေးနှစ်ပေါင်းများစွာကတည်းက ဗောက်ပင်ကို ကျွဲ၊ နွား၊ ဆိတ်၊ ဝက် စသည့် တိရစ္ဆာန်တို့၏ ခန္ဓာဗေဒဓာတ်သဘာဝများကို ထိန်းညှိပေးသော အပင်အဖြစ် အသုံးပြု ခဲ့ခြင်းကြောင့် မွေးမြူရေးအတွက်လည်း အရေးပါသောအပင်တစ်မျိုးဖြစ်ပါသည်။ မမှည့်သေးသော ဗောက်သီးတွင် ဓာတ်မတည့်မှုကိုဖြစ်စေနိုင်သည့် အဆိပ်ရှိသည့် alkaloid အနည်းငယ်ပါဝင်ပါသည်။ ထို့ကြောင့် ဗောက်သီးကိုကောင်းစွာမရင့်မှည့်မီ မစားသုံးသင့်ကြောင်းသိရပါသည်။ ထို့အပြင် ချယ်ရီသီး မျိုးရင်းဝင်၊ ဘယ်ရီသီးမျိုးရင်းဝင်အသီးများ၊ ဗီတာမင်စီ၊ ဗီတာမင်အေတို့နှင့် ဓာတ်မတည့်သူများအနေနဲ့လည်း မစားသုံးသင့်ကြောင်းသိရပါသည်။
ယခုနှစ် ဖေဖော်ဝါရီလတွင် မန္တလေးမြို့ဈေးကွက်အတွင်း ဗောက်သီးတစ်ပိဿာလျှင် ၁၁၀၀ဝိ/- ၁၂၀၀ဝိ/-ခန့် ရှိကြောင်းသိရပြီး စီးပွားဖြစ်စိုက်ပျိုးမည်ဆိုပါက စိုက်ပျိုးသူ တောင်သူများ အနေဖြင့် ဝင်ငွေတိုးပွားလာမည်ဖြစ်ပါသည်။ ထို့ကြောင့် ဗောက်သီးပင်သည် ကျန်းမာရေးအတွက် အကျိုးပြုသော သီးနှံတစ်မျိုးဖြစ်ပါကြောင်းနှင့် ဗောက်သီးနှင့် ဓာတ်မတည့်သူများအနေဖြင့်လည်း ဆင်ခြင်၍ သတိပြုသင့်ပါကြောင်း လေ့လာသိရှိရသည်များကိုရေးသား တင်ပြလိုက်ရပေသည်။
DOCA(မန္တလေး)