အုန်းစိမ်းရည်မှပေးသောကျန်းမာရေး

Powered by Drupal

အုန်းပင်သည် ပင်လယ်ကမ်းခြေဒေသများနှင့် အရှေ့တောင်အာရှနိုင်ငံများတွင်  အများဆုံး ပေါက်ရောက်လေ့ရှိပြီး မြန်မာနိုင်ငံတွင် လက်ရှိစိုက်ပျိုးနေသော အုန်းအမျိုးအစား(၃)မျိုးမှာ အပင်မြင့်အုန်းကြီးမျိုး၊ အပင်ပုဝက်မလွတ်အုန်းမျိုးနှင့် အုန်းချိုမွှေး(ထိုင်းမျိုး)တို့ကို စိုက်ပျိုးကြသည်။ အုန်းသီးကို စီးပွားဖြစ်စိုက်ပျိုးသောဒေသများမှာ ဧရာဝတီတိုင်း၊ တနင်္သာရီတိုင်းနှင့် ရခိုင်ပြည်နယ် တို့တွင်အများဆုံးစိုက်ပျိုးကြသည်။ အိန္ဒိယ၊ ထိုင်း၊ ဖိလစ်ပိုင်၊ မလေးရှားနှင့် မြန်မာ စသည့်အပူပိုင်း ဒေသများတွင် နေထိုင်သူများသည် အုန်းစိမ်းရည်ကို အပူချိန်မြင့်မားသောအချိန်တွင် ခန္ဓာကိုယ် အေးမြစေရန်သောက်သုံးကြသည်။

အုန်းစိမ်းရည်တွင် Potassium၊ Magnesium၊ Vitamin C၊ Electrolytes၊ Natural Sugar စသော အာဟာရဓာတ်များစွာပါဝင်သည်။ အုန်းစိမ်းရည်သည် ကျန်းမာရေးအတွက် အလွန်အသုံးဝင်သော သဘာဝအချိုရည်တစ်မျိုးဖြစ်ပြီး အသက်အရွယ်မရွေး သောက်သုံးကြသည်။ အုန်းစိမ်းရည်ကို မကြာခဏသောက်သုံးပေးခြင်းအားဖြင့် အသားအရည်စိုပြေလှပစေခြင်း၊ Vitamin-C ပါဝင်မှုကြောင့် ကိုယ်ခံစွမ်းအားကို တိုးတက်စေခြင်း၊ နှလုံးနှင့်သွေးလည်ပတ်မှု စနစ်ကောင်းမွန်စေခြင်း၊ အစာခြေ စနစ်ကို ကောင်းမွန်စေခြင်း၊ Potassium ပါဝင်မှုကြောင့် သွေးတိုးရောဂါလျှော့ချပေးနိုင်ခြင်း၊ ကျောက်ကပ်တွင်ကျောက်တည်မှုကို တားဆီးပေးနိုင်ပြီး ဆီးလမ်းကြောင်းကို သန့်စင်စေခြင်းနှင့် အဆစ်အမြစ်ရောဂါကိုလျှော့ချပေးနိုင်ခြင်း စသော အကျိုးကျေးဇူးများရရှိပါသည်။

အုန်းစိမ်းရည်သည် ကျန်းမာရေးအတွက် အကျိုးများစွာရှိသော်လည်း အသင့်အတင့်သာ သောက်သုံးသင့်ပါသည်။ အုန်းစိမ်းရည်ကို သောက်သုံးရန်မသင့်သူများမှာ သက်တမ်းကြာသော ဆီးချိုရှိသူများ၊ သွေးပျက်လွယ်သူများ၊ သွေးပေါင်ကျတတ်သူများ၊ ကျောက်ကပ်ရောဂါရှိသူများ၊ ဝမ်းလျှောလွယ်သူများ၊ (Allergy)ရှိသူများဖြစ်ပြီး ဆရာဝန်နှင့်တိုင်ပင်၍ သောက်သုံးသင့်သည်။ ယနေ့ ခေတ်တွင် လူနေမှုဓလေ့စရိုက်များပြောင်းလဲလာသည်နှင့်အမျှ ဓာတုဆိုးဆေးများပါဝင်သည့် အချိုရည်များကို မကြာခဏသောက်သုံးခြင်းထက် ကျန်းမာရေးနှင့်ညီညွတ်သည့် သဘာဝအုန်းစိမ်းရည်ကို သောက်သုံးသင့်ပါကြောင်းနှင့် မန္တလေးဈေးကွက်အတွင်း အုန်းစိမ်းရည်(၁)လုံးလျှင်၂၈၀ဝိ/-မှ ၃၀၀ဝိ/-ခန့်ဖြင့် ရောင်းချလျက်ရှိပါကြောင်း အုန်းစိမ်းရည်ရောင်းချသူ တစ်ဦးထံမှ စုံစမ်းသိရှိရပါသည်။

DOCA(မန္တလေး)