
အညာဟု ဆိုလိုက်သည်နှင့် ပူးပြင်းခြောက်သွေ့သောအရပ်ဒေသတစ်ခုအဖြစ် လူအများ သိရှိကြမှာ အမှန်ပင်ဖြစ်ပါသည်။ ပူပြင်းလှသော အညာနွေဒဏ်ကို ကာကွယ်နေထိုင်နိုင်ရန်အတွက် အညာဒေသများစွာ၌ နေထိုင်မှုအဆောက်အဦအိမ်များကို ထန်းရွက်များဖြင့် မိုးကာ၍နေထိုင်လာ သည်မှာ အစဉ်အလာတစ်ခုဖြစ်ပါသည်။ အညာဒေသများ၌ ထန်းရွက်များကို လူနေအိမ်များတွင် မက တိရစ္ဆာန်များ နေထိုင်မှုအတွက်တဲများ၊ အစားအစာသိုလှောင်သည့်တဲများတွင်လည်းကောင်း၊ ထင်းထားသိုမှုတဲများနှင့် မွေးမြူရေးအဆောက်အဦများတွင်လည်းကောင်း၊ စားသောက်ဆိုင်များ တွင် တဲငယ်များဆောက်လုပ်မှုများတွင်လည်းကောင်း၊ အခြားအဆောက်အဦဆောက်လုပ်မှုများ တွင်လည်းကောင်း နေရာစုံ၌ အသုံးပြုလျက်ရှိပါသည်။ ယခုနောက်ပိုင်းတွင် ကျေးလက်ဒေသများ၌ သဲအုတ်များရိုက်ကာ နေအိမ်များကိုဆောက်လုပ်လာကြပြီး သွပ်မိုးမှုများရှိလာသော်လည်း နွေရာသီ တွင် အပူဒဏ်သက်သာရန်အတွက် နေအိမ်နှင့်တွဲလျက်ဖြစ်စေ၊ သီးသန့်ဖြစ်စေ ထန်းလက်မိုးထား သည့် တဲငယ်များကို ဆောက်လုပ်နေထိုင်မှုများရှိပါသည်။ ထန်းရွက်ကို စနစ်တကျဖြင့် ခပ်စိပ်စိပ် မိုးထားလျှင် (၃၊၄)နှစ်ခန့် နေထိုင်နိုင်ပြီး ပုံမှန်အားဖြင့် အနည်းဆုံး(၂)နှစ် နေထိုင်နိုင်ပါသည်။ ထန်းရွက်စတင်မိုးထားသည့်နှစ်တွင် ထန်းရွက်နှံ့လေးသင်း၍ နေထိုင်လို့အလွန်ကောင်းပါသည်။ ထန်းရွက်သည် အထူးသဖြင့်နွေရာသီ၌ သက်ကြီးရွယ်အိုများနှင့် နုငယ်လှသော ကလေးသူငယ်များ အတွက် သဘာဝကပေးသည့် ကောင်းမွန်သော ကွန်းခိုရာအမိုးအကာပင်ဖြစ်ပါသည်။ ထန်းရွက် များကို နှစ်စဉ်သီးနှံများရိတ်သိမ်းပြီးချိန် ယာခင်းများတွင် လှည်းနှင့်ထော်လာဂျီများဖြတ်သန်း မောင်းနှင်၍ သွားလာနိုင်သော ဖေဖော်ဝါရီလ မှစ၍ မိုးမကျမီ ယာခင်းများထွန်ယက်မှုမရှိသည့် အချိန်ထိခုတ်ချိုင်ကြလေ့ရှိပါသည်။ ထန်းရွက်များသည် တစ်လလျှင်တစ်ရွက်နှုန်းထွက်ရှိပြီး တစ်နှစ် တွင် (၁၂)ရွက် ထွက်ရှိကြောင်းနှင့် ထန်းလက်များကို နှစ်စဉ်ခုတ်ယူရရှိနိုင်ပါကြောင်း သိရသည်။ ထန်းရွက် ခုတ်ချိုင်ရာ တွင် ထန်းပင်တစ်ပင်တွင် နှစ်စဉ်ထန်းရွက်(၁၀၊၁၂)ရွက်ခန့် ရရှိပြီး ထန်းပင်၌ ထန်းလက် (၄၊ ၅)ရွက် ချန်ထားရပါသည်။ ထန်းရွက်ခုတ်ချိုင်ရာတွင် ခုတ်ချိုင်သူထန်းသမားသည် တစ်ပင်လျှင်(၁၀၀၀)ကျပ် ရရှိ၍ ထန်းပင်အနီးအဝေးပေါ်မူတည်ပြီး တစ်ရက်လျှင်ထန်းပင် ၃၀ မှ ၅၀ ခန့် ခုတ်ချိုင်နိုင်ပါသည်။ ထန်းရွက်ကောက်သူ၊ ထန်းလက်ခုတ်ဖြတ်သူနှင့် တင်ဆောင်ရန်အတွက် လူငှားခေါ်ဆောင်ရာတွင် အမျိုးသမီးတစ်ဦးလျှင်(၈၀၀၀)ကျပ်နှင့် အမျိုးသားတစ်ဦးလျှင်(၁၂၀၀၀)
ကျပ်များပေးဆောင်ရ၍ နှစ်စဉ်ယခုလိုကာလများ၌ ထန်းတောင်သူများ အပိုဝင်ငွေရရှိသလို ဒေသခံ များလည်း သီးနှံများတုံး၍ အလုပ်ရှားပါးချိန်တွင် အလုပ်အကိုင်ရရှိကြပါသည်။ ခုတ်ချိုင်ပြီး ထန်းလက်များကို ပိပြားသွားအောင် သုံးရက်ခန့် စုပုံထပ်ထားပြီးနောက် အသုံးပြုနိုင်ပြီဖြစ်ပါသည်။ ရောင်းဝယ်ယူမှုအနေဖြင့် ထန်းလက်အစိုအလိုက် မှာယူသည့်နေရာနှင့်ကျေးရွာများသို့ ပို့ဆောင် ပေး၍ ခရီးအနီးအဝေးပေါ်မူတည်ပြီး ယခုနှစ်တွင် ထန်းရွက်တစ်ရွက်လျှင်(၃၀၀၊ ၃၅၀)ကျပ်များ ရှိကြောင်း၊ အညာဒေသတွင် ထန်းပင်ထန်းတောများသည် နေရာအနှံ့တွင် ပေါက်ရောက်ကြသဖြင့် ပို့ဆောင်ရောင်းဝယ်မှုအနေဖြင့် အနီးအနားဝန်းကျင်ကျေးရွာများသို့သာ ရောင်းချလျက်ရှိပြီး ထန်းရွက်မှ ခုတ်ဖြတ်ထားသော ထန်းလက်များကို တံတားဦးမြို့နယ်ရှိ ရေကမိုး၊ မြင်းသည် ကျေးရွာများရှိ ထန်းလက်ကုလားထိုင်ပြုလုပ်သောဆိုင်များသို့ တင်ပို့ရောင်းချကြပါသည်။ ယခုနှစ် တွင် ထန်းလက်တစ်လက်လျှင်(၆၀၊ ၆၅)ကျပ်ဈေးများရှိပြီး၊ ယခင်နှစ်တွင် ထန်းလက်တစ်လက် လျှင်(၅၀၊ ၅၅)ကျပ်နှင့် ထန်းရွက်တစ်ရွက်လျှင်(၂၅၀)ကျပ်ဝန်းကျင်များ ရှိခဲ့ပါသည်။ ထန်းပင်တစ်ပင် သည် စွန့်ပစ်စရာမရှိ တစ်ပင်လုံးအသုံးဝင်သည့်အပြင် ထန်းပင်၏အမြစ်များသည် မြေအောက် ပေ(၂၀၀)ခန့်ရှိ ရေကိုစုပ်ယူ နိုင်စွမ်းရှိကြောင်း မှတ်သားသိရှိရပြီး မြေအစိုဓာတ်ကို ပေးနိုင်သဖြင့် တောင်ယာသီးနှံစိုက်ခင်းများကိုလည်းဖြစ်ထွန်းစေသည့်အတွက် အညာဒေသအတွက် မရှိမဖြစ်နှင့် အညာသူအညာသားတို့၏ အချစ်အနှစ်သက်ဆုံးအပင်တစ်ပင်ဖြစ်ပါကြောင်း ငါန်းဇွန်မြို့နယ်၊ အောင်ချမ်းသာကျေးရွာရှိ ရွာသူရွာသားများထံမှ သိရှိရသည်။
DOCA(မန္တလေး)