ကျိုက်မရောမြို့နယ်တွင် ဒေသထွက် ငရုတ်သီးတောင့်များ လှိုင်လှိုင်ထွက်၍ ဈေးကောင်းရ

Powered by Drupal

           မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ် ဥယျာဉ်ခြံမြေများ၌ မိသားစုအပိုဝင်ငွေရရှိစေရန် တစ်နိုင်တစ်ပိုင်စိုက်ပျိုးထားသည့် ဒေသထွက် ငရုတ်သီးတောင့်များ ဆွတ်ခူးချိန် လှိုင်လှိုင်ထွက်ပြီး ဈေးကောင်းများရရှိသဖြင့် မြွေဟောက်ကျေးရွာမှ ငရုတ်သီး တစ်နိုင်တစ်ပိုင် စိုက်ပျိုးသူများ မိသားစုဝင်ငွေတိုးကာစီးပွားရေး အဆင်ပြေလျက်ရှိကြောင်း သိရသည်။

              ကော့ကလော့ကျေးရွာအုပ်စု မြွေဟောက်ကျေးရွာရှိ ခြံစိုက်တောင်သူများက မြေပဲ စိုက်ပျိုးချိန်နှင့် နှမ်း စိုက်ပျိုးချိန်တွင် သီးညှပ်အဖြစ် ငရုတ်သီးကိုပါ ရော၍ စိုက်ပျိုးကြသည်။ ငရုတ်ပင်သည် အများအားဖြင့် မြေအစိုဓာတ်ဖြင့်သာ ကြီးထွားပြီး အပင်သုံးလသား၌ အပင်သန်ဆေး၊ အသီးသန်ဆေး၊ ပိုးသတ်ဆေးတို့ကို ဖြန်းပေးရသည်။ ငရုတ်ခင်းအတွင်း ပေါင်းမြက်ရှိပါက ပေါင်းလိုက်ပေးရသည်။

            မြွေဟောက်ကျေးရွာရှိ စိုက်ပျိုးသည့် ငရုတ်သီးမျိုးမှာ မိုးမျှော်သီး ဒေသခေါ် ကုလားအော်သီးမျိုးများကိုသာ အဓိကထား စိုက်ပျိုးကြပြီး စပ်သည့်အတွက် ဒေသခံ ပြည်သူများ အလွန်ကြိုက်နှစ်သက်ကာ ဈေးကွက်ဝင်ကြောင်း ငရုတ်သီးကို အောက်တိုဘာလ ၌ စတင်စိုက်ပျိုးပြီး နှစ်လကြာလျှင် တစ်ကြိမ် စတင်ခူးဆွတ်ရောင်းချနိုင်ပြီးဖြစ်ကြောင်း ယခုလို ခူးဆွတ်ချိန်တွင် တစ်ပိဿာလျှင် တစ်သောင်းခန့် ဖောက်သည်ပေးရပြီး တစ်ခါ ခူးဆွတ်လျှင် ၆ ပိဿာခန့်ရသဖြင့် တစ်ပတ်ကို ဝင်ငွေ ၆၀၀၀၀ ကျပ် ရရှိကြောင်း ငရုတ်သီး များ စနစ်တကျ စိုက်ပျိုးသူ ဦးစောအုန်း၏ ပြောပြချက်အရ သိရသည်။ ယခုရာသီတွင် ငရုတ်သီးတောင့်များကို လာရောက်ဝယ်ယူသည့်အတွက် ငရုတ်သီးများ ဈေးကောင်းရကာ တစ်ဖက်တစ်လမ်းမှ မိသားစုဝင်ငွေတိုးပြီး အဆင်ပြေလျက်ရှိကြောင်း သိရှိရပါသည်။

DOCA(မွန်)