
စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၌ ဆီထွက်သီးနှံဖြစ်သည့် နေကြာသီးနှံများလည်း စိုက်ပျိုးကြကြောင်း၊ မိုးစိုက်နေကြာနှင့် ဆောင်းစိုက်နေကြာဟူ၍(၂)မျိုးရှိကြောင်း ဆောင်းနေကြာ ကိုရာသီဥတုပေါ်မူတည်၍ အောက်တိုဘာလတွင် စတင်စိုက်ပျိုးကြပြီး ဖေဖော်ဝါရီလတွင် ရိတ်သိမ်းရကြောင်း၊ ဈေးကွက်အနေဖြင့် နေကြာသီးနှံများကို ကန့်ဘလူမြို့နှင့်ဇီးကုန်းမြို့တို့ရှိ ပွဲရုံများမှ ရွှေဘိုမြို့၊ မန္တလေးမြို့များရှိပွဲရုံများနှင့် ကုန်စည်ဒိုင်များသို့ တင်ပို့ရောင်းချကြောင်း သိရသည်။
နေကြာသီးနှံစိုက်ပျိုးရာတွင် မျိုးအနေဖြင့် ဆင်းရွှေကြာ-၂ မျိုးကို အများဆုံးစိုက်ပျိုးကြပြီး၊ မြေအနေအထားနှင့် အပင်ပြုစုခြင်းအပေါ်မူတည်၍ အထွက်နှုန်းများကွာခြားမှုရှိကြောင်း၊ ဈေးနှုန်းအနေဖြင့် ဖေဖေါ်ဝါရီလ စတုတ္ထပတ်အတွင်း နေကြာတစ်တင်းလျှင် (၅၁၀၀၀)ကျပ်ဖြင့်အရောင်းအဝယ်ဖြစ်ခဲ့ပြီး ယခုလပထမပတ်အတွင်း နေကြာတစ်တင်းလျှင် (၅၃၀၀၀)ကျပ်ဖြင့် ရောင်းဝယ်လျက် ရှိသောကြောင့် ဆီနေကြာတစ်တင်းလျှင်(၂၀၀၀)ကျပ် ပြန်လည်မြင့်တက်လာကြောင်း ဒေသတွင်း ပွဲရုံလုပ်ငန်းရှင်များထံမှ သိရှိရပါသည်။
DOCA(စစ်ကိုင်း)