
သစ်သီးစျေးကွက်အတွင်းသို့ ကျောက်ဆည်ဒေသထွက်သခွားမွှေးသီးများ ဝင်ရောက်မှုများ သကဲ့သို့ စစ်ကိုင်းတိုင်းဒေသကြီးနှင့် ပဲခူးတိုင်းဒေသကြီးတို့မှလည်းဝင်ရောက်ကြောင်း သိရပါတယ်။ သခွားမွှေးသီးမှာ ပြည်ပသို့တင်ပို့သည့်သစ်သီးဖြစ်ပြီး၊ မန္တလေးတိုင်းဒေသကြီးအတွင်း ၂၀၂၄-၂၀၂၅ ခုနှစ်တွင် သခွားမွှေးသီးစိုက်ပျိုးမှု (၁၃၀၀) ဧကကျော်စိုက်ပျိုးကြောင်း သိရပါတယ်။ သခွားမွှေးသီး စားသုံး ခြင်းဖြင့်အရေပြားနှင့်အသားအရေကိုကျန်းမာစေခြင်း၊ အမြင်အာရုံကိုကောင်းမွန်စေခြင်း၊ ကိုယ်ခံအား ကောင်းမွန်စေခြင်း၊သွားနှင့် သွားဖုံးကျန်းမာစေခြင်း၊ သွေးအားနည်းခြင်းမဖြစ်အောင် ကာကွယ်ပေးခြင်း၊ သွေးတိုးရောဂါလျော့ချပေးခြင်း၊ ကြွက်သားအားနည်းမှုကို လျော့ချပေးခြင်း၊ မျိုးအောင်မှုကို အားကောင်းစေခြင်းနှင့် ဆီးလမ်းကြောင်းပိုးဝင်မှုကာကွယ်ပေးခြင်း စသည့်အကျိုး ကျေးဇူးများရရှိနိုင်ကြောင်း သိရပါတယ်။ သခွားမွှေးသီးအားအသီးအတိုင်း စားသုံးခြင်း၊ အခြောက်ခံ ခြင်း၊ဖျော်ရည်နှင့်စားသောက်ကုန်တို့တွင် ထည့်၍စားသုံးကြောင်းသိရပါတယ်။ သစ်သီးဝင်ရောက်မှု အနေဖြင့် ဒေသအသီးသီးမှ ဝင်ရောက်လာသည့်သစ်သီးများအားမန္တလေးမြို့၊ စျေးချိုစျေး၊ ၂၉လမ်း နှင့် ၃၁လမ်းကြား၊ ၈၄လမ်းနေရာရှိ သစ်သီးပွဲရုံများသို့ဝင်ရောက်ကြောင်း သိရပါတယ်။ မန္တလေး စျေးကွက်တွင် ၂၀၂၅ ခုနှစ်မတ်လပထမပတ်အတွင်း သခွားမွှေးသီးစျေးမှာ တစ်လုံးလျှင် အလုံးဝိုင်း (ကြီး) ၄၀၀၀ကျပ်နှင့် ၅၀၀၀ ကျပ်၊ အလုံး(ရှည်) ၃၀၀၀ကျပ်နှင့် ၄၀၀၀ ကျပ်စျေးဖြစ်ပြီး၊ အသီး အရွယ်အစားအလိုက် စျေးအနည်းငယ်ကွာခြားမှုရှိ ကြောင်းသိရပါတယ်။ ပွင့်လင်းရာသီ ဖြစ်သည့် မတ်လပထမပတ်အတွင်း မန္တလေးစျေးကွက်တွင် သခွားမွှေးသီးများဝင်ရောက်မှုများပြီး၊ အရောင်း သွက်လျှက်ရှိကြောင်း သိရပါတယ်။
DOCA(မန္တလေး)