မြင်းခြံမြို့ရှိ သဘာဝမြေဩဇာ ထုတ်လုပ်ရောင်းချမှုအခြေအနေ

Powered by Drupal

မြင်းခြံမြို့၊ အမှတ်(၇)ရပ်ကွက်ရှိ လေဆာအမှတ်တံဆိပ် သဘာဝမြေဩဇာလုပ်ငန်းမှ ထုတ်လုပ် ရောင်းချလျက်ရှိသည့် သဘာဝမြေဩဇာများကို မြေကြီး၊ ထုံး၊ တောင်ပုလုမြေဖြူ၊ ဆေးရွက်ကြီးအမှုန့် (ဆေးချေးမှုန့်)၊ အရိုးမှုန့်၊ နွားချေး၊ ကြက်ချေး စသည့် ကုန်ကြမ်းများဖြင့် ထုတ်လုပ်ခြင်းဖြစ်ပြီး ထည့်သွင်းသည့် ပါဝင်ပစ္စည်းအချိုးအစားအပေါ်မူတည်၍ အမျိုးအစား၊ ဈေးနှုန်းများ ကွဲပြားခြားနားပါ ကြောင်း၊ အမျိုးအစားများအနေဖြင့် အဖြူရောင်တစ်မျိုးတည်းကို သဘာဝမြေဩဇာဟူ၍လည်းကောင်း၊ အဖြူရောင်၊အစိမ်းရောင်၊ပန်းရောင် ရောစပ်ထားခြင်းကို (၃)ရောင်စပ်မြေဩဇာဟူ၍လည်းကောင်း၊ အဖြူရောင်၊အစိမ်းရောင်၊ပန်းရောင်၊အနက်ရောင် ရောစပ်ထားခြင်းကို (၄)ရောင်စပ်မြေဩဇာဟူ၍ လည်းကောင်း အမျိုးအစား(၃)မျိုး ခွဲခြားထုတ်လုပ်ပါကြောင်း၊ (၄)ရောင်စပ်မြေဩဇာတွင်ပါဝင်သော အနက်ရောင်သည် မဂ္ဂနီစီယမ်ဖြစ်ပြီး (၄)ရောင်စပ်မြေဩဇာသည် ဈေးနှုန်းအမြင့်ဆုံးဖြစ်ကြောင်း၊ မြင်းခြံမြို့နယ်၊ ကူရွာကျေးရွာတွင် ကိုယ်ပိုင်အလုပ်ရုံရှိသကဲ့သို့ တောင်သာမြို့နယ်၊ နန်းမြင့်ကျေးရွာ၊ တမံကြီးကျေးရွာတို့ရှိ အခြားအလုပ်ရုံများမှ ထွက်ရှိသည့် သဘာဝမြေဩဇာများကို ဝယ်ယူကာ သတ်မှတ်အချိုးအစားအတိုင်း ပြုပြင်ထုတ်လုပ်ရောင်းချခြင်းများလည်း ရှိကြောင်းသိရှိရသည်။

သဘာဝမြေဩဇာ(50kg)တစ်အိတ်လျှင် (၇၀၀၀)ကျပ်မှ (၁၂၀၀၀)ကျပ်အထိ အမျိုးအစား အလိုက် ဈေးနှုန်းခွဲခြားရောင်းချရကြောင်း၊ ဈေးကွက်အနေဖြင့် ရန်ကုန်(ဘုရင့်နောင်)၊ မော်လမြိုင်၊ မော်ကျွန်း၊ ရေကြည်၊ ဝါးခယ်မစသည့်မြို့များသို့ တိုက်ရိုက်တင်ပို့ရောင်းချခြင်းများရှိသကဲ့သို့ ရန်ကုန် (ဘုရင့်နောင်)ပွဲရုံမှ တဆင့်တင်ပို့ခြင်းများလည်းရှိကြောင်း၊ ရောင်းအားအမြင့်ဆုံး ကာလများမှာ ဧပြီလ မှဇူလိုင်လအထိဖြစ်ပြီး ယခုအချိန်တွင် တင်ပို့ရောင်းချရမှုမရှိသေးဘဲ လုပ်သားဦးရေအနည်းငယ်ဖြင့် ကုန်ချောထုတ်လုပ်သိုလှောင်ထားခြင်းသာရှိကြောင်း၊ ရောင်းအား အကောင်းဆုံးလများတွင် တစ်ရက် လျှင်(50kg)အိတ်ရေ(၂၀၀၀)မှ(၃၀၀၀)ထိ ရောင်းချရပါကြောင်း လေဆာအမှတ်တံဆိပ် သဘာဝ မြေဩဇာ ထုတ်လုပ်ရောင်းချသူလုပ်ငန်းရှင်၏ ပြောကြားချက်အရ သိရှိရသည်။

DOCA(မန္တလေး)