
“အသီးမှာ သရက်၊ အသားမှာဝက်၊ အရွက်မှာလက်ဖက်” ဆိုတဲ့ ဆိုရိုးစကားဟာဆိုလျှင် အစားအစာတွေထဲမှာ စားအကောင်းဆုံး အစားအစာကို ရည်ညွှန်းပြောဆိုထားတဲ့ ပြောစကားလေး တစ်ခု ဖြစ်ပြီး ဘယ်အသီးတွေ ဘယ်လောက်ကောင်းပါတယ်ပြောပြော ရှေးလူကြီးတွေကတော့ အသီးထဲမှာ သရက်သီးက အကောင်းဆုံးလို့ ဆိုထားပါသည်။ သရက်သီးက အနံ့အရသာ အရောင်အဆင်းပါ ပြည့်စုံတဲ့ အသီးဖြစ်ပြီး အကျိုးအာနိသင်များစွာရှိတဲ့ သီးနှံတစ်ခုလည်း ဖြစ်ပါသည်။ လတ်တလောမှာ သရက်သီး စိမ်းများမှာ လှိုင်လှိုင်ပေါများနေပြီး နေရာအနှံ့ရောင်းချနေပြီး ဈေးကောင်းရကြောင်း သိရှိရပါသည်။ သရက်သီးစိမ်းများကို ပဲခူးတိုင်းဒေသကြီး (အနောက်ပိုင်း) ပြည်ခရိုင်၊ ပြည်မြို့အနီးတဝိုက်ရှိ ကျေးရွာ များနှင့် တစ်ပိုင်တစ်နိုင်စိုက်ပျိုးသောနေရာများမှ ထွက်ရှိပြီး ထွက်ရှိလာသော သရက်သီးစိမ်းများကို ပြည်မြို့ မြို့မဈေးကြီးနှင့် အခြားဈေးများတွင် လှိုင်လှိုင်ရောင်းချလျက်ရှိပါသည်။ အများဆုံး ဈေးကွက် ထဲတွင် ရောင်းချလျက်ရှိသော သရက်သီးစိမ်းများ ရင်ကွဲသရက်သီး၊ စိမ်းစားသီး၊ မြီးကောက်သီး၊ မြကျောက်သရက်သီးနှင့် သုပ်စား၍ရသော အရွယ်အထိရှိသော သရက်သီးစိမ်းများကို စားသုံးသူများ အနေဖြင့် ဈေးကောင်း ပေး၍ ဝယ်စားရပြီး ရောင်းချသူများအနေဖြင့် အရောင်းအဝယ် ဖြစ်လျက်ရှိကြောင်း သိရပါသည်။ သရက်သီးစိမ်းများကို အခွံနွှာကာတို့စရာအမယ်စုံဖြင့် လူစည်ကားရာ နေရာများ၊ ရထားဘူတာရုံများ၊ ကားဂိတ်များတွင် ရောင်းချကြပါသည်။ သရက်သီးမျိုးပေါင်းများစွာရှိပြီး အရသာ ချင်း မတူကြပါဘူး။ အရသာမတူကြပေမယ့် ခန္ဓာကိုယ်ကို အကျိုးပြုတာချင်းကတော့ အတူတူပါပဲ။ သရက်သီးကို အစိမ်းတို့စားတာ၊ သုပ်စားခြင်း၊ ဆားရည်စိမ်စားမျိုးရှိသလို ငံပြာရည် ငရုတ်သီးမှုန့်နဲ့ နယ်စားတာ၊ ငရုတ်သီးမှုန့်၊ ဆားတို့နဲ့လုပ်ထားတဲ့ အရသာမှုန့်နဲ့ တို့စားတာလို့လည်းရပါသည်။ ရင်ကွဲ သရက်သီးအစိမ်းတစ်လုံးလျှင် အလုံးချောတစ်လုံးလျှင် ကျပ် ၁၀၀၀ မှ ကျပ် ၇၀၀ထိ၊ အလတ်တစ်လုံး လျှင် ကျပ် ၅၀၀၊ အသေးတစ်လုံးလျှင် ကျပ်၃၀၀ မှ ကျပ်၂၀၀၊ စိမ်းစားသရက်သီးတစ်လုံးလျှင် ကျပ် ၅၀၀၊ မြီးကောက်သရက်သီးအကြီးတစ်လုံးလျှင် ကျပ် ၇၀၀ မှ ကျပ် ၅၀၀ထိ၊ အသေးတစ်လုံးလျှင် ကျပ် ၃၀၀၊ မြကျောက်သရက်သီးအစိမ်းအလုံးချောတစ်လုံးလျှင် ကျပ် ၁၀၀၀၊ မြကျောက်သရက်သီးအသေးတစ်လုံး လျှင် ကျပ် ၃၀၀ မှ ၂၀၀ထိရှိပြီး ဈေးကောင်းရပြီး အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း သိရပါသည်။ ပြည်မြို့မှထွက်ရှိသော သရက်သီးများကို ရန်ကုန်သီရိမင်္ဂလာဈေးနှင့် ထညင်းကုန်းဈေးသို့ တင်ပို့ကြောင်းလည်း သိရှိရပါသည်။
DOCA(ပဲခူး)