တောင်ငူမြို့ရှိ ပေါ်ဦးပေါ်ဖျား ပိန္နဲသီးမှည့်များ

Powered by Drupal

          တောင်ငူမြို့၊ ညောင်ပင်ဈေးတွင် ပေါ်ဦးပေါ်ဖျားပိန္နဲသီးမှည့်များ ရောင်းချနေပါသည်။ တောင်ငူမြို့ ညောင်ပင်ဈေးတွင် လာရောက်ရောင်းချသောပိန္္နဲသီးများမှာ တောင်ငူမြို့နှင့် ထိစပ်နေသော လိပ်သိုဒေသမှလာရောက်ရောင်းချသော ပိန္နဲသီးများရှိသလို တောင်ငူဒေသတွင်း စိုက်ပျိုးသူများမှ လာရောက် ‌ရောင်းချ သောပိန္နဲသီးများလည်းရှိပါသည်။

          ပိန္နဲသီးကိုဒေသခံပြည်သူများအနေဖြင့် မိမိတို့ခြံမြေအလွတ်များတွင်လည်းကောင်း၊ ဥယျာဉ် ခြံမြေများထဲတွင် အခြားနှစ်ရှည်ပင်များနှင့် ရောနှော၍လည်းကောင်းစိုက်ပျိုးကြပါသည်။ ယခုအခါတွင် ပိန္နဲသီးများ စတင်ထွက်ရှိနေပြီး မိမိခြံဝန်းများထဲမှတပိုင်တနိုင် ထွက်ရှိသော ပိန္နဲသီးများအား တောင်ငူမြို့ပေါ်ရှိ ဈေးများတွင်လာရောက်ရောင်းချလျက်ရှိပါသည်။

          ပိန္နဲသီးသည် အမျှင်ဓါတ်ကြွယ်ဝသဖြင့် ဝမ်းမှန်စေနိုင်သည်။ ပိန္္နဲသီးကို အိမ်မာနှင့် အိမ်ပျော့ ဟူ၍ နှစ်မျိုးရှိပါသည်။ ခပ်နုနုအရွယ် ပိန္နဲသီးကင်းများကို အတို့အမြှုပ်အနေနဲ့ စား၍သော်လည်း ကောင်း၊ အရွယ်အစား အနည်းငယ်ကြီးသော ပိန္နဲသီးများကို ပြုတ်၍သော်လည်းကောင်း၊ ချက်၍သော်လည်းကောင်း စားသုံးနိုင်ပါသည်။ ရင့်မှည်လာသောအသီးများကို သရေစာအဖြစ် စားသုံးကြပါသည်။

          ပိန္နဲသီးဈေးနှုန်းအနေဖြင့် အလုံးကြီး (၁)လုံးလျှင် (၁၂၀၀၀ ကျပ်မှ ၁၅၀၀၀)ကျပ်၊ အသေး (၁) လုံးလျှင် (၈၀၀၀ကျပ်မှ၁၀၀၀၀) ကျပ်အထိ‌ရောင်းချပြီး၊ အသီးများကို ခွဲခြမ်းပြီးလိုသလောက် ရောင်းချပေးသည့်အတွက် စားသုံးသူများပိုမိုအဆင်ပြေသဖြင့် ရောင်းအားကောင်းကြောင်း  တောင်ငူမြို့၊ ညောင်ပင်ဈေးရှိ ပိန္ဒဲသီးမှည့် ရောင်းချသူ တစ်ဦးထံမှ သိရှိရပါသည်။

DOCA(ပဲခူး)