တောင်ငူမြို့မှ ထောပတ်ပဲများ ဈေးအနည်းငယ်ကျ

Powered by Drupal

              တောင်ငူမြို့တွင် ညောင်ပင်လေးဈေးသည် သစ်သီးဝလံ ဟင်းသီးဟင်းရွက်မျိုးစုံ လာ‌ရောက် ရောင်းချသည့် ကုန်စိမ်းဈေးဖြစ်ရာ အညာဒေသထွက်ပဲထောပတ်များ  ရောင်းချလျက်ရှိပါသည်။ ပဲထောပတ်တွင် ပင်ထောင်ပဲနှင့် ပင်ပြန့်ပဲဟူ၍နှစ်မျိုးရှိပါသည်။ ပင်ထောင်ပဲမှာ အစေ့ကြီးသည့်အတွက် ပဲလိပ်ပြာဟူ၍လည်း ခေါ်ကြကြောင်းသိရသည်။

             ထောပတ်ပဲ စားသုံးခြင်းဖြင့် အရိုးပွခြင်းအား ကာကွယ်ပေးနိုင်ပါသည်။ ယခင်အပတ်က ပဲထောပတ်အစေ့ကြီး ၂၅ ကျပ်သားလျှင် ၂၅၀၀ ကျပ်၊ တစ်ပိဿာ ဝယ်ယူပါကလည်း ၁၀၀၀၀ ကျပ်ဖြင့် ရောင်းချပြီး ယခုအခါ ဒေသထွက်ပင်ပြန့်ပဲဖြစ်သည့်  တောင်ငူမြို့အနီး ကျေးရွာများမှထွက်ရှိသော ပဲထောပတ်အစေ့ သေးများလှိုင်လှိုင်ပေါ်လာသဖြင့် ယခုအပတ်တွင် အညာဒေသထွက်ပဲထောပတ်အစေ့ကြီး ၂၅ ကျပ်သား လျှင် ၂၀၀၀ ကျပ်ဖြစ်ပြီး၊ တစ်ပိဿာဝယ်ယူပါက ၈၀၀၀ကျပ်ဖြင့် ရောင်းချလျက်ရှိရာ စျေးအနည်းငယ်ကျဆင်းခဲ့ကြောင်းသိရသည်။

           ပဲထောပတ်ကို သုတ်စားခြင်း၊ ပြုတ်စားခြင်း၊ ကြော်စားခြင်း၊ နှပ်စား၍သော်လည်းကောင်း အမျိုးမျိုးစားသုံးနိုင်ပါသည်။ အချိန်အနည်းငယ်ချက်ပြုတ်ရပြီး အရသာလည်းဆိမ့်သဖြင့် လူကြိုက်များ ၍ရောင်းအားကောင်းကြောင်း စျေးသည်များထံမှသိရှိရပါသည်။

DOCA(ပဲခူး)