
ကတက်ပင်ကို မြန်မာနိုင်ငံအနှံ့အပြားတွင် စိုက်ပျိုးကြသည်။ ကတက်ပင်မှာ အပင်မြင့်မျိုးဖြစ်၍ အမြင့်ပေ ၃၀ ခန့်ရှိပြီး ပင်စည်လုံးပတ်မှာ ၃ ပေမှ ၅ ပေအထိရှိသော ပင်လတ်မျိုးဖြစ်သည်။ ကတက်ပင်သည် နွေရာသီတွင် အရွက်ကြွေကျပြီး ဆင်စွယ်ရောင်အပွင့်များ ပွင့်၍ အသီးမှာဝမ်းဘဲဥ အကြီးစားခန့်ရှိသည်။ အခွံတွင် အပြောက်အပိမ့်များရှိသည့် သဘာဝအလျောက်ပေါက်ရောက်သော အပင်မျိုးဖြစ်ပါသည်။
ကတက်ပင်သည် ဆေးဘက်ဝင်အပင်တစ်မျိုးဖြစ်၍ ဆေးအဖြစ်သော်လည်းကောင်း၊ အစားအစာအဖြစ်လည်ကောင်း အသုံးဝင်သော အပင်တစ်မျိုးဖြစ်သည်။ ဆေးအဖြစ်အသုံးပြုရာတွင် ပျောက်ကင်းစေသည့် ရောဂါများမှာ အရွက်နှင့်အမြစ်၏အခေါက်တို့ကို အနာဖြစ်သည့်နေရာ၌ အုံပေးလိမ်းပေးလျှင် အနာများအကျက်မြန်ပြီး သက်သာစေခြင်း၊ အခေါက်ကို သက်တန့်နှင့်အနာ ပေါက်တို့၌ ပါရန္နဝါမြစ်နှင့် သွေးသောက်လျှင် လျင်မြန်စွာပျောက်ကင်းစေခြင်း၊ အရွက်ကိုကြိတ်၍ ရေနှင့်ဖျော်ပြီး မီးဖြင့်နွေးအောင်ပြုလုပ်၍ ကိုက်ခဲနာကျင်သောနေရာများကိုလိမ်းသော် အကိုက်အခဲများပျောက်ကင်းစေနိုင်ခြင်း၊ ကတက်ရွက်နှင့်ကွမ်းရွက်နှစ်မျိုးကို ကြိတ်ညှစ်ပြီးလျှင် ရေနှင့်ဆတူရော၍ ထောပတ်ဖြင့်ရောသောက်သော် အဆစ်ရောင်ရောဂါပျောက်ကင်းစေပါသည်။ ကတက်အမြစ် ခေါက်ကို ၄ ခွက်တစ်ခွက်ပြုတ်သောက်သော် ဆီးချို၊ ကျောက်တည်ရောဂါပျောက်ကင်းစေခြင်း၊ ကတက်ခေါက်ပြုတ်ရည်ကို ကြံသကာဖြင့် ရောသောက်သော် ဆီးအိမ်ရောင်ရောဂါနှင့် ကျောက်တည် ရောဂါပျောက်ကင်းစေခြင်းနှင့် အမြစ်ကို အပြင်းဖျားရောဂါကုဆေး၌လည်း ထည့်သွင်းအသုံးပြုနိုင် ကြောင်းလေ့လာသိရှိရသည်။
ကတက်ကို ဆေးဝါးများအဖြစ်အသုံးပြုသည့် အပြင်အစားအစာအဖြစ် အချဉ်တည်၍ စားသုံး ကြပြီး လူတိုင်းကြိုက်နှစ်သက်သည့် အစားအစာဖြစ်ပါသည်။ အချဉ်တည်ထားသည့် ကတက်ရွက်များ ကိုသုပ်စား၍သော်လည်းကောင်း၊ အတို့အမြှုပ်အဖြစ်လည်းကောင်း၊ ငါး/ဝက်သား/အမဲသား/ ကြက်သား များဖြင့် ရောနှောချက်ပြုတ်၍လည်းကောင်း၊ ထမင်းဆိုင်များတွင် ဟင်းအမယ်များအဖြစ်လည်းကောင်း ရောင်းချခြင်းတို့ကြောင့် အဈေးကွက်အတွင်း ရောင်းအားကောင်းလျက်ရှိကြောင်းသိရှိရပါသည်။
တောင်ကြီးမြို့ရှိ အမှတ်(၅)ဈေး၊ (၅)ရက်ဈေးနှင့် မြို့မဈေးကြီး ကုန်စိမ်းဈေးတန်းများတွင် ဆေးဘက်ဝင်ကတက်ရွက်များကို အရွက်စိမ်းအလိုက်လည်းကောင်း၊ အချဉ်တည်၍ လည်းကောင်း ရောင်းချကြောင်းတွေ့ရှိရပါသည်။ ကတက်အရွက်စိမ်းများကို အစည်းလိုက်ရောင်းချလျက်ရှိပြီး တစ်စည်းလျှင်(၅၀ဝိ)ကျပ်နှင့် ကတက်အချဉ်တည်ရွက်များကို ပန်းကန်လုံးအသေးတစ်လုံးလျှင် (၁၀၀ဝိ)ကျပ်ဖြင့် ရောင်းချလျက်ကြောင်း သိရှိရပါသည်။
DOCA(ရှမ်း)