
တနင်္သာရီတိုင်းဒေသကြီးတွင် ပင်လယ်ရေငန်ရောက်သော ဒီရေတောများရှိပြီး ဓနိပင်သည် ပင်လယ်ရေငန်ရောက်သည့် နေရာများတွင် အလေ့ကျပေါက်ရောက်သော အပင်မျိုးဖြစ်ပါသည်။ ဓနိပင်များအား အဖူးဖူးချိန်တွင် အနည်းငယ်အညှာအားဖြတ်၍ ခံခွက်ဖြင့်ခံပါက အသင့်သောက်နိုင်သော ဓနိရည်အားရရှိပြီး ရရှိလာသော ဓနိရည်များအား ပျစ်ခဲလာသည်အထိ မီးဖြင့်တည်လိုက်ပါကာ ဓနိ သကြား(ခေါ်)ပျား အချိုရည်အပျစ်အား ရရှိသကဲ့သို့ ဓနိရည်အား ညသိပ်၍ ၃/၄ ရက်ခန့်ထားရှိပါက ပအုန်းရည်ခေါ်(ရှာလကာရည်အချဥ်)အားရရှိပါသည်။ အဆိုပါ ဓနိသကြားများနှင့် ဓနိရည်အား အချဥ်ဖောက်၍ရရှိလာသော ပအုန်းရည်အား ဒေသထွက်စာ လက်လုပ်မုန့်များ၊ အသုတ်များနှင့် ဟင်းလျာများတွင် ထည့်သွင်းအသုံးပြုကြပြီး တနင်္သာရီတိုင်းဒေသကြီး၏ ဒေသအစားအစာဖြစ်သော မြိတ်ကတ်ကြေးကိုက်ကြော်ရာတွင် အသုံးပြုသော အချဥ်ရည်သည် ဓနိပင်မှထွက်ရှိလာသော ပအုန်းရည်ပင် ဖြစ်ပါသည်။
တနင်္သာရီတိုင်းဒေသကြီး ထားဝယ်မြို့ရှိ ဈေးများနှင့် ကုန်စုံဆိုင်များတွင် ဓနိရည်အားမီးဖြင့်ကြို၍ ရရှိသော ဓနိသကြား(ခေါ်)ပျား တစ်ပိဿာလျှင်(၅၀၀၀)ကျပ်နှင့် ပအုန်းရည် တစ်လီတာ တစ်ဘူးလျှင် (၁၀၀၀)ကျပ်ဖြင့်ရောင်းချလျက်ရှိပြီး ဒေသတွင်းစျေးကွက်အပြင် မော်လမြိုင်၊ ရန်ကုန်၊ မန္တလေးမြို့များသို့လည်း တင်ပို့ရောင်းချလျက်ရှိကြောင်း သိရှိရပါသည်။
DOCA(တနင်္သာရီ)