
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံဒေသရှိ ကတ်တောင်အုပ်စု၊ မိုင်းဇင်းအုပ်စုနှင့် ကတ်ဖအုပ်စု တို့၏ ကျေးရွာများသည် ဖရဲကို အများဆုံးစိုက်ပျိုးလျက်ရှိပါသည်။ ဖရဲသီးကို ဇန်နဝါရီလတွင် စတင်စိုက်ပျိုးပြီး ယခုမတ်လ ပထမအပတ်တွင် စတင်ပေါ်ထွက်လာပါသည်။ ယခုကဲ့သို့ ပူပြင်းသော နွေရာသီတွင် ဖရဲသီးမှာ ရေဓာတ်များစွာပါဝင်သောကြောင့် ခန္ဓာကိုယ်ရေဓာတ်ပြည့်ဝစေခြင်း၊ ခန္ဓာကိုယ် အပူကျစေခြင်းတို့ကြောင့် စားသုံးမှုများပြီး ဈေးကွက်အတွင်း ရောင်းအားကောင်းသော ရာသီစာ အသီးတစ်မျိုး ဖြစ်ပါသည်။
ဖရဲစိုက်တောင်သူများအနေဖြင့် ဖရဲ (၁) ဧကကုန်ကျစရိတ်စုစုပေါင်း (၂၃) သိန်းကျော် ကုန်ကျပြီး၊ (၁) ဧက အထွက်နှုန်း ဖရဲသီးအလုံးပေါင်း (၇၀၀) ခန့် ထွက်ရှိကြောင်း ဖရဲစိုက်တောင်သူများထံမှ သိရှိရပါ သည်။ ယခုမတ်လ ပထမအပတ်တွင် ဖရဲသီးဈေးနှုန်းဈေးကွက်အခြေအနေမှာ ဖရဲသီး အလုံးသေး တစ်လုံးလျှင် (၃၀၀၀) ကျပ်၊ အလတ်တစ်လုံး လျှင် (၅၀၀၀) ကျပ်နှင့် ဖရဲသီး အကြီးတစ်လုံးလျှင် (၈၀၀၀) ကျပ်ဖြင့် ရောင်းဝယ်လျက်ရှိကြောင်း ဖရဲသီးရောင်းချသူများထံမှ သိရှိရပါသည်။ ထိုသို့ ဖရဲသီးများ ဈေးကောင်းရပြီး ဝယ်လိုအားများသောကြောင့် ဖရဲစိုက်တောင်သူများသည် စိုက်ပျိုးချိန် (၃) လအတွင်း (၁)ဧကလျှင် ပျမ်းမျှအားဖြင့် (၁၀)သိန်းကျော်ခန့် အကျိုးအမြတ်ရရှိကြောင်း သိရှိရပါသည်။
DOCA(ရှမ်း)