မရမ်းသီးများ အသီးရင့်လာ၍ဈေးကျ

Powered by Drupal

            ဈေးကွက်အတွင်း၌ မရမ်းသီးဈေးနှုန်းများ သိသိသာသာကျဆင်းလျက်ရှိပါသည်။ ရာသီစာ မရမ်းသီးများ ဇန်နဝါရီလဆန်းပိုင်း၌ စတက်ဝင်ရောက်ခဲ့ပါသည်။ စတင်ထွက်ပေါ်ချိန်၌ မရမ်းသီး နုနု(၅)ကျပ်သားလျှင်(၃၀၀၀)ကျပ် ဈေးနှုန်းဖြင့် ဈေးကောင်းပေးဝယ်ခဲ့ရပြီး ဖေဖော်ဝါရီလအတွင်း၌ မရမ်းသီးများ လှိုင်လှိုင်ထွက်ပေါ်ကာ မရမ်းသီးဈေးအနည်းငယ်ကျဆင်းခဲ့ပါသည်။ ဖေဖော်ဝါရီလ အတွင်း၌ မရမ်းသီး(၅)ကျပ်သားလျှင်(၁၅၀၀/၂၀၀၀)ကျပ်ဈေးနှုန်းဖြင့် အရောင်းအဝယ်ဖြစ်ခဲ့ပါသည်။ ယခုမတ်လဆန်းပိုင်းတွင် မရမ်းသီးများ အသီးရင့်သွားပြီဖြစ်၍ ဈေးနှုန်းသိသိသာသာ ကျင်းဆင်းသွားပါသည်။ မရမ်းသီးအနု(၅)ကျပ်သားလျှင် (၆၀၀)ကျပ်၊ အသီးရင့်(၅)ကျပ်သားလျှင်(၅၀၀)ကျပ် ဈေး နှုန်းဖြင့် ရောင်းဝယ်လျှက်ရှိကြောင်း သိရှိရသည်။ မရမ်းသီးနုက အချဉ်ဓါတ်သက်သာပြီး စားကောင်း ပါသည်။ မရမ်းသီးနုအစိမ်းသာ ဟင်းလျာအတွက်အသုံးဝင်ရုံသာမက မရမ်းသီးအရင့်အမှည့်များကို မရမ်းယို၊ မရမ်းချဉ်ပေါင်းပြုလုပ်၍ဈေးကွက်အတွင်း ရောင်းချလျှက်ရှိပြီး လူကြိုက်များသော အစား အစာတစ်မျိုးဖြစ်ပါသည်။ မရမ်းသီးတွင် မရမ်းအချိုသီးနှင့် မရမ်းအချဉ်သီးဟူ၍ နှစ်မျိုးရှိသည်။ မရမ်းသီးအခြောက်ကိုလည်း  ဝက်သား၊ ငါးတို့ဖြင့် ချက်ပြုတ်၍ စားသောက်ကြသလို ချဉ်ရည်ဟင်း ချက်၍ စားသောက်ကြပါသည်။ ယခုရာသီသည် ပဲကြီးဟင်း မရမ်းသီးထောင်း၊ ခရမ်းသီးနှပ် မရမ်း သီးထောင်း၊ ကိုက်လန်ကြော် မရမ်းသီးထောင်း ဟင်းလျာများမှာ ထမင်းမြိန်စေသော ဟင်းလျာများ ဖြစ်ပါသည်။ မရမ်းသီးတွင် အမျှင်ဓါတ်နှင့်ရေဓါတ်ပါဝင်မှုကြောင့် အစားကြေစနစ်ကို ကောင်းမွန်စေ သော အသီးတစ်မျိုးဖြစ်ပါသည်။ ဟင်းသီးဟင်းရွက်ဈေးကွက်၌ မရမ်းသီးသည် အိမ်ရှင်မတို့ အကြိုက် ဟင်းလျာတစ်မျိုးဖြစ်ပါသည်။ မရမ်းသီးသည် အသီးနုစဉ်မှ ရင့်မှည့်သည်အထိ အသုံး ဝင်သော သီးနှံတစ်မျိုးဖြစ်ပါသည်။ မရမ်းသီးကို ပုဇွန်ခြောက်၊ ငရုတ်သီးစိမ်းဖြင့် ထောင်းစား၍သော်လည်းကောင်း၊ မရမ်းသီးအသုပ်သုပ်၍သော်လည်းကောင်း၊ ဟင်းချက်၍သော်လည်းကောင်း စားသုံးကြကြောင်း သိရှိရပါသည်။

DOCA(မန္တလေး)