
မန္တလေးဈေးကွက်အတွင်းသို့ ကင်မွန်းချဉ်များ မတ်လဆန်းမှစ၍ ဝင်ရောက်လာပြီ ဖြစ်ပါသည်။ ကင်မွန်းချဉ်ပင်သည် ဆူးပါသော အပင်မျိုးဖြစ်သည်။ နေရာဒေသမရွေးရှင်သန် ဖြစ်ထွန်းပါသည်။ ယခင်က မိမိအိမ်ခြံစည်းရိုး၊ လယ်ကန်သင်းရိုးများတွင် တစ်ပိုင်တစ်နိုင်စိုက်ပျိုးရာမှ ယခုအခါ ဧကအလိုက် စီးပွားဖြစ်စိုက်ပျိုးလာကြပါသည်။ ဆောင်းရာသီရောက်လျှင် ဆောင်းရာသီစာများဖြစ်ကြသော မုန်ညင်း၊ ကိုက်လန်၊ ပန်းမုံလာများ ထွက်ပေါ်တက်သလို နွေဦးရာသီရောက်လျှင် နွေဦးရာသီစာ ကင်မွန်းချဉ်ရွက်ပဲကြီး၊ မရမ်းသီး၊ ဂွေးတောက်ရွက်၊ ဆူးပုတ်ရွက်၊ မန်ကျည်းရွက် စသည်ဖြင့် နွေဦးရာသီစာများ ထွက်ပေါ်လျက်ရှိပါသည်။ ပဲကြီးဟင်းချို ဆူးပုတ် ရွက်ခက်ပြီး မရမ်းသီးချဉ်ထောင်းက ယခုရာသီအတွက် လိုက်ဖက်ညီသော ထမင်းမြိန်စေသည့် ဟင်းလျာတစ်ခွက်ဖြစ်သည်။ ကင်မွန်းချဉ်၏ ကင်မွန်းဖူးဥ များကိုလည်း ချဉ်ရည်ဟင်းချက်ပြုတ်၍ စားသောက်ကြပါသည်။ ကင်မွန်းချဉ်သည် အသည်းအတွက် အစွမ်းထက်အသုံးဝင်ပါသည်။ ကင်မွန်းရွက်ဟင်းချိုသည် ကိုယ်တွင်းအပူကို ငြိမ်းစေပါသည်။ ဆီးရွှင်စေကြောင်းလည်း သိရှိရပါသည်။ ဈေးကွက်အတွင်း ကင်မွန်းချဉ်ရွက်(၁၀)ကျပ်လျှင်(၁၀၀၀)ကျပ်ဖြင့် ရောင်းချလျက်ရှိကြောင်း ကုန်စိမ်းဆိုင်မှ သိရှိရပါသည်။
DOCA(မန္တလေး)