စားသုံးမှုများပြားသည့် ရာသီစာမရမ်းသီး ဈေးနှုန်းဈေးကွက်

Powered by Drupal

         မရမ်းသီးသည် မြန်မာနိုင်ငံ၏ ရာသီဥတုမြေပြင်အခြေအနေများနှင့် လိုက်ဖက်သော သစ်သီးအမျိူးအစားဖြစ်ပြီး ရန်ကုန်တိုင်း၊ မန္တလေးတိုင်း၊ ပဲခူးတိုင်း၊ ဧရာဝတီတိုင်း၊ တနင်္သာရီတိုင်း၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် အများအပြားစိုက်ပျိုးကြသည်။ မရမ်းပင်သည် အပင်ကြီး အမျိုးအစားထဲတွင်ပါဝင်ပြီး (၄)စင်တီမီတာမှ (၇)စင်တီမီတာအထိ ရှိတတ်ပါသည်။ မရမ်းပင် သည် စိုက်ပျိုးပြီး ခုနှစ်နှစ်ကြာလျှင် အသီးများ စတင်ခူးဆွတ်နိုင်ပါသည်။ အသီးအထွက်နှုန်းမှာ အပင်ငယ်လျှင် အလုံးရေ ၅၀၀၀/၇၀၀၀ အထိရရှိပြီး အပင်ကြီးလျှင် အလုံးရေ ၂၀၀၀၀/၃၀၀၀၀ အထိ ရရှိနိုင်ပါသည်။

              မရမ်းသီးကို အမျိုးမျိုးသောဟင်းလျာများတွင် အသုံးပြုနိုင်ပြီး မရမ်းသီးစိမ်းကို မရမ်းသီး ထောင်း၊ မရမ်းသီးကြော်အဖြစ် စားသောက်ကြသလို အခြောက်လှန်းပြီး မရမ်းပြား၊ မရမ်းပေါင်း၊ မရမ်းယိုအဖြစ် ပြုလုပ်ကာ စားသုံးကြကြောင်းနှင့် မရမ်းသီး(အချို)အမှည့်များကိုလည်း နှစ်ခြိုက်စွာ စားသုံးကြောင်းလည်း သိရှိရပါသည်။

             မရမ်းသီးသည် အာဟာရဓါတ်များစွာပါဝင်သည့်အတွက် ကျန်းမာရေးကို အထောက်အကူပြု သည်။ အထူးသဖြင့် Vitamin C နှင့် Vitamin A ပါဝင်မှုကြောင့် ကိုယ်ခံစွမ်းအားမြှင့်တင်ခြင်း၊ အသားအရေတင်းရင်းလှပစေခြင်းနှင့် ကင်ဆာရောဂါကာကွယ်နိုင်ခြင်း စသောအကျိုးကျေးဇူးများ ရရှိပါသည်။ ကျန်းမာရေးအတွက် မရမ်းသီးသည် အဆီများသောအစားအစာများတွင် ထည့်သွင်းချက်ပြုတ်ခြင်းဖြင့် အဆီများကိုချေဖျက်နိုင်သည်။ သို့သော် အချဉ်ဓာတ်များပါဝင်သောကြောင့် အစာအိမ်အနာရှိသူများ သတိပြု၍စားသုံးသင့်ပါသည်။

             မရမ်းသီးကို တစ်နိုင်တစ်ပိုင်သော်လည်းကောင်း၊ စီးပွားဖြစ်သော်လည်းကောင်း စိုက်ပျိုး ကြကြောင်းသိရသည်။ မရမ်းသီးသည် ဇန်နဝါရီလတွင် စတင်ပေါ်ပြီး မတ်လပိုင်းတွင် သီးနှံဝင်ရောက်မှု များပြားကြောင်းသိရှိရပါသည်။ သီးနှံစတင်ပေါ်ချိန်တွင် မရမ်းသီး(၁၀)ကျပ်သားလျှင် (၅၀၀၀)ကျပ်နှုန်းခန့်ရှိပြီး သီးနှံအဝင်လှိုင်ချိန်တွင် (၁၀)ကျပ်သားလျှင် လက်ကားဈေး(၉၀၀)ကျပ်၊ လက်လီဈေး(၁၄၀၀)ကျပ် ဈေးဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိပြီး အလုံးအကြီးအသေးပေါ် မူတည်၍ ဈေးနှုန်းကွာခြားကြောင်း ကုန်စိမ်းရောင်းသူတစ်ဦးထံမှသိရှိရပါသည်။

DOCA(မန္တလေး)