ရှမ်းပြည်နယ်(တောင်ပိုင်း)မှ ဆီထွက်သီးနှံ ပန်းနှမ်း စိုက်ပျိုးထုတ်လုပ်မှုနှင့် ဈေးနှုန်း ဈေးကွက် အခြေအနေ

Powered by Drupal

              ပန်းနှမ်းပင်သည် သမပိုင်းသီးနှံအမျိုးအစားဖြစ်ပြီး ရေကြမ်း၊ မြေကြမ်း၊ ရာသီဥတုဒဏ် ခံနိုင်သော ဆီထွက်သီးနှံတစ်မျိုးဖြစ်သည်။ ရေငတ်ဒဏ်ခံနိုင်သဖြင့် အပူပိုင်းဒေသများ၊ မြေပြန့်ဒေသ များတွင် စိုက်ပျိုးနိုင်သလို တောင်ပေါ်ဒေသများတွင်လည်း စိုက်ပျိုးဖြစ်ထွန်းနိုင်သည့်  ဆီထွက်သီးနှံ  အမျိုးအစားဖြစ်သည်။ ပြည်တွင်းဒေသအနှံ့အပြား၌ စိုက်ပျိုးနိုင်သော်လည်း ရှမ်းပြည်နယ်၊ စစ်ကိုင်းတိုင်း ဒေသကြီးနှင့် ကချင်ပြည်နယ်တို့တွင် အဓိကစိုက်ပျိုးကြောင်း လေ့လာသိရှိရပါသည်။ ပန်းနှမ်းသည် အလင်းရောင်တုံ့ပြန်သောမျိုးများဖြစ်၍ စိုက်ပျိုးချိန်နောက်ကျပါက ပန်းပွင့်နည်းခြင်း၊ အပင်ကြီးထွားမှု ထိခိုက်နိုင်သည်။ ထိုကြောင့် တောင်တန်းဒေသများတွင် ဩဂုတ်လမှ စက်တင်ဘာလကုန်အထိ၊ မြန်မာနိုင်ငံအလယ်ပိုင်းနှင့် အထက်ပိုင်းဒေသများတွင် စက်တင်ဘာလလယ်မှ အောက်တိုဘာလအထိ၊ မြန်မာနိုင်ငံအောက်ပိုင်းဒေသများတွင် နိုဝင်ဘာလမှ ဒီဇင်ဘာလထိ စိုက်ပျိုးကြပါသည်။ ရှမ်းပြည်နယ် (တောင်ပိုင်း)တွင်  (၂၀၂၃-၂၀၂၄) ခုနှစ် တစ်နှစ်ပတ်လုံး စိုက်ပျိုးမှုအနေဖြင့် စိုက်ဧက(၁၁၁၂၈၉)ဧကရှိပြီး အထွက်နှုန်း (၉.၃၃) ရှိပြီး တောင်ကြီး၊ ညောင်ရွှေ၊ ဟိုပုံး၊ ကလော၊ ပင်းတယ၊ ဆီဆိုင်နှင့် နမ့်စန် မြို့နယ်များတွင် အများဆုံးစိုက်ပျိုးထွက်ရှိကြောင်း သိရှိရပါသည်။ ပန်းနှမ်း တစ်ဧကလျှင် (၇)တင်းမှ (၁၂) တင်းခန့်အထိထွက်ရှိ၍ အစေ့တစ်တင်းလျှင် ဆီ(၅ ပိဿာခွဲ မှ ၆ ပိဿာခန့်) ကြိတ်ခွဲရရှိနိုင်ပါသည်။ တစ်ဧကစိုက်ပျိုးလျှင် ဆီ(၄၀)ပိဿာခန့် ထုတ်လုပ်ရရှိနိုင်ကြောင်း လေ့လာသိရှိရပါသည်။ လက်ရှိ ကာလတွင် ဒေသတွင်းဈေးကွက်၌ ဖြစ်ပေါ်နေသော ပန်းနှမ်းရောင်းဝယ်မှုအခြေအနေမှာ ပန်းနှမ်းစေ့ တစ်ပိဿာလျှင် (၄၈၀၀ ကျပ်မှ ၄၉၀၀ ကျပ်) ဖြစ်ပြီး ပန်းနှမ်းဆီ တစ်ပိဿာအနေဖြင့် (၁၃၀၀၀) ကျပ်ဖြစ်ကြောင်း စုံစမ်းသိရှိရပါသည်။

DOCA(ရှမ်း)