ဂွေးတောက်ရွက် အာနိသင်နှင့် ဂွေးတောက်ရွက် ဈေးနှုန်းအခြေအနေ

Powered by Drupal

ဂွေးတောက်ပင်ကို အင်္ဂလိပ်လို Green wax flower လို့ခေါ်ပါသည်။ ခွေးတောက်ပင်သည် မြန်မာနိုင်ငံမှာ အလေ့ကျပေါများစွာ ပေါက်ရောက်လေ့ရှိသည့် နှစ်ရှည်ခံနွယ်ပင်မျိုးဖြစ်ပါသည်။ ယခု အခါမှာ စီးပွားဖြစ် စိုက်ပျိုးရောင်းချနေပြီဖြစ်ပါသည်။   အပွင့်မှာစမ်းဝါရောင်ရှိသော အပွင့်ငယ်များ စုပြုံပွင့်ပြီး ပန်းခိုင်မှာကြားထွက်ပန်းခိုင်ဖြစ်ကာ ငိုက်ကျနေပါသည်။ ခွေးတောက်ရွက်ပုံစံသည် ရွက်ထိပ်ချွန်ပြီး နှလုံးပုံစံ(Heart shape)ရှိပါသည်။ ခွေးတောက်ပင်မှာ Polydhydroxy pregneres glycosides, volubiloside A, B, C, drevogenin D စသည့် ဓာတ်တွေများစွာ ပါဝင်ပါသည်။ ခွေးတောက်ပင်၏ အရွက်နှင့်အမြစ်ကို ဆီးချိုဆေး၊ သန်ချဆေး၊ အသည်းအားဆေး၊ အယောင်ကျဆေး၊ ပြည်တည်နာပျောက်ဆေး စသည့်ဆေးတွေ ဖော်စပ်ရာတွင် ထည့်သွင်းသုံးလေ့ရှိပါသည်။

ခွေးတောက်ရွက်ကို စားသုံးရာတွင် အများအားဖြင့် ကြက်သားနှင့်ရောပြီး ဟင်းရည်ချက်သောက် လေ့ရှိပါသည်။ ကြက်ဥနှင့်ဖြစ်စေ၊ ဘယာကြော်နှင့်ဖြစ်စေ ရောပြီးကြော်စားလေ့ရှိပါသည်။ ခွေးတောက်ရွက် စားသုံးခြင်းဖြင့် ဆီးချုပ်ရောဂါကို သက်သာပျောက်ကင်းစေနိုင်ပါသည်။ လေကို သက်စေပြီး သလိပ်ကို ကြေစေနိုင်ပါသည်။ လေရောဂါ၊ ညောင်းကျနာ၊ ပန်းနာရင်ကျပ်ရောဂါတို့ကို သက်သာစေပါသည်။ ခွေးတောက်ရွက်သည် အနာစိမ်းတွေ၊ သွေးစုနာတွေဖြစ်လာသည့်အခါ ခွေးတောက်ရွက်ကို ကင်ပြီး အနာကို ကပ်ပေးခြင်းဖြင့် သက်သာပျောက်ကင်းနိုင်ပါသည်။ အဖုအကြိတ် တွေဖြစ်ပါက ခွေးတောက်ရွက်ကို ကြိတ်ပြီး အုံထားပေးခြင်းဖြင့် အဖုအကြိတ်တွေ သက်သာ ပျောက်ကင်းနိုင်ပါသည်။ ဒူးနာခြင်း၊ ခါးနာခြင်း၊ ခြေလက်ကိုက်ခဲခြင်းများအတွက် ခွေးတောက်ရွက်ကို ထောင်းလို့သော်လည်းကောင်း၊ ညှစ်လို့သော်လည်းကောင်းရလာသည့် သတ္ထုရည်နှင့် သနပ်ခါးကိုသွေးပြီး ဒူးကနေခြေဖျားထိ  လိမ်းပေးပါက ကိုက်ခဲနာကျင်ခြင်းတွေ သက်သာလျော့ပါးနိုင်ပါသည်။ လေထိုး လေအောင့်၊ ဆီးချုပ် ဖြစ်ပါက ခွေးတောက်ရွက်ကို ဟင်းချိုချက်သောက်ခြင်း၊ ကြော်စားခြင်းအားဖြင့် သက်သာပျောက်ကင်းနိုင်ပါသည်။ အရက်သောက်တတ်သူများဆိုလျှင် ခွေးတောက်ရွက်ကို မကြာခဏ စားပေးခြင်းဖြင့် အရက်၏ ဆိုးကျိုးတွေကြောင့် ဖြစ်နိုင်သည့်၊ ခံစားရနိုင်သည့် ရောဂါများကို လျှော့ချပေးနိုင်ပါသည်။

ဂွေးတောက်ရွက် ဈေးနှုန်းအနေဖြင့် တစ်ပိဿာလျှင် (၈၀၀၀)ကျပ်၊ တစ်ဆယ်သားလျှင် (၁၀၀၀) ကျပ်နှုန်း ရောင်းချလျက်ရှိကြောင်း သိရှိရပါသည်။

DOCA(မန္တလေး)