
နွေရာသီသို့ ကူးပြောင်းရောက်ရှိလာသဖြင့် အအေးရောင်းချသူများဈေးကွက်ဖော်ဆောင် လာကြပြီး ရာသီပေါ်သစ်သီးဖျော်ရည်များ၊ ကြံရည်များအပြင် သံပုရာဖျော်ရည်များသည်လည်း ပူးပြင်းလှသည့်နွေရာသီတွင် သောက်သုံးသူများအတွက် ရင်ကိုအေးမြစေပြီး အမောပြေစေ၍ သောက်သုံးမှု၊ ရောင်းဝယ်မှုများလာသဖြင့် သံပုရာသီးဈေးကွက်မှာလည်း အရောင်းသွက်ကြောင်း သိရသည်။
ယခုရာသီတွင် သံပုရာသီးများလှိုင်လှိုင်ပေါ်ထွက်လျက်ရှိရာ မြင်းခြံမြို့ရှိ ဈေးများအတွင်းသို့ ဒေသအသီးသီးမှ သံပုရာသီးများဝင်ရောက်လျက်ရှိပါသည်။ သံပုရာသီးဈေးနှုန်းများအနေဖြင့် အလုံး အကြီးအသေးပေါ်မူတည်ပြီး (၃၅၀)ကျပ်မှ(၄၀၀)ကျပ်၊ သံပုယိုသီးမှာ(၂၀၀)ကျပ်မှ(၃၀၀)ကျပ်ထိ ရှိကြောင်း၊ သံပုရာသီးကို ဖျော်ရည် အဖြစ်သောက်သုံးကြသလို ဆေးဝါးဖော်စပ်မှုတွင်လည်းကောင်း၊ သံပုယိုသီးကို ယိုထိုး၍သော်လည်းကောင်း၊ အခြားစားသောက်ဖွယ်ရာများတွင်လည်းကောင်း ထည့်သွင်းစားသုံးကြသဖြင့် စားသုံးမှုများသော အသီးတစ်မျိုးဖြစ်ပါသည်။ သံပုရာ၊ သံပုယိုပင်သည် များသောအားဖြင့် နေရာဒေသမရွေးစိုက်ပျိုးနိုင်သောအပင်တစ်မျိုးဖြစ်ပြီး တစ်နိုင်တစ်ပိုင်စိုက်ပျိုး ကြသလို စီးပွားဖြစ်စိုက်ပျိုးမှုများလည်းရှိကြောင်း၊ ရေရရှိပါက တစ်နှစ်ပတ်လုံး အသီးသီးနိုင်ပြီး ယခင်ဖေဖော်ဝါရီလအတွင်း၌ သံပုရာတစ်လုံးလျှင်(၃၀၀)ကျပ်မှ(၃၅၀)ကျပ်များရှိခဲ့ပြီး ယခုမတ်လ ဒုတိယပတ်တွင် သံပုရာနှင့်သံပုယိုးသီးများ အနည်းငယ်ဈေးတက်ခဲ့သော်လည်း အရောင်းအဝယ် သွက်လျက်ရှိကြောင်းသိရသည်။
DOCA(မန္တလေး)