
ပူပြင်းသောနွေရာသီသို့ ကူးပြောင်းရောက်ရှိလာတော့မည်ဖြစ်သည့်အတွက် ရေအိုးရောင်း ဝယ်မှုဈေးကွက်များ သွက်လာပါသည်။ ကျွန်တော်တို့လူမျိုးများသည် သောက်ရေကို ရွံ့မြေနှင့် ပြုလုပ်သော မြေအိုးများဖြင့်ထည့်သွင်းသိုလှောင်သောက်သုံးကြသည်မှာ အစဉ်အလာတစ်ခုဖြစ် ပါသည်။ မိရိုးဖလာအစဉ်အလာအတိုင်း သန့်ရှင်းသောရေကို ရေအိုးထဲထည့်၍ အိမ်တစ်အိမ်၏ သန့်ရှင်းသော နေရာ၊ အေးသောနေရာတွင်ထားရှိ၍ မြတ်နိုးနှစ်သက်စွာသောက်သုံးကြသည်မှာ မြန်မာလူမျိုးတို့၏ ချစ်စရာကောင်းသော ပုံစံတစ်မျိုးဖြစ်ပါသည်။ အိမ်တစ်အိမ်၏ သန့်ရှင်းသပ်ရပ် စွာနေထိုင်မှု၊ ကျန်းမာရေးလိုက်စားမှု၊ စည်းကမ်းကောင်းမှု၊ အိမ်သူအိမ်သားများ၏ စိတ်နေစိတ်ထား များအား သောက်ရေအိုးစင်ထားရှိမှု၊ ရေအိုးရေခွက်များသန့်ရှင်းမှု၊ ရေအိုးနှင့်ရေအိုးဖုံးများကြည့်၍ သိနိုင် ဖတ်နိုင်ပါသည်။
ခေတ်မီဖွံ့ဖြိုးတိုးတက်လာသည်နှင့်အမျှ ရေကိုလည်းပုံစံအမျိုးမျိုး၊ နည်းလမ်းအဖုံဖုံဖြင့် ထည့်သွင်းသောက်သုံးလာကြလျက်ရှိရာ မြို့ကြီးပြကြီးများနှင့်အချို့သော ကျေးရွာဒေသများ၌လည်း ရေခဲရေကို သောက်သုံးမှုများလာကြပါသည်။ ရေခဲရေသည် သောက်သုံးစဉ်တစ်ခဏတာသာ ကောင်းပြီး ကျန်းမာရေးရှု့ထောင့်ကကြည့်လျှင် ကျန်းမာရေးကိုထိခိုက်စေပါသည်။ မိမိတို့နိုင်ငံတွင် အိမ်တိုင်းလိုလို သောက်ရေအိုးများထားရှိကြသော်လည်း ဒီဘက်ခေတ်၌ ရေအိုးထဲကရေကို သောက်သုံးမှုနည်းလာကြပါသည်။ ရေသည်မရှိမဖြစ်သော အရာတစ်ခုဖြစ်၍ ရေကိုထည့်သွင်း သိုလှောင်သည့်အရာများသည် သဘာဝဆန်ပြီး သန့်ရှင်းစင်ကြယ်ဖို့လိုပါသည်။ နေရောင်ခြည်နှင့် ထိတွေ့လျှင်ဓာတ်ပြုပြီး လူကိုဘေးဥပါဒ်ဖြစ်စေနိုင်သော ပစ္စည်းများအစား မြေအိုးများသည် သင့်လျော်ကောင်းမွန်သောအရာဖြစ်ပါသည်။ ပူးပြင်းသောနွေရာသီသို့ ရောက်ရှိကူးပြောင်းလာပြီ ဖြစ်သည့်အတွက် ရေခဲရေမဟုတ်ပဲ သဘာဝအတိုင်းအေးသည့်ရေကို သောက်သုံးချင်သူများအတွက် ရေအိုးဝယ်ယူခြင်းများ၊ ရေအိုးသစ်လဲလှယ်ခြင်းများရှိလာ၍ ရေအိုးဈေးကွက်မှာလည်း အရောင်း အဝယ်သွက်လာပါသည်။ မြင်းခြံမြို့ အေးမြသီတာဈေး ရေအိုးတန်းတွင် ရောင်းချလျက်ရှိသော ရေအိုးများမှာ နွားထိုးကြီး၊ သာစည်၊ ရန္တပိုများမှထွက်သောရေအိုးများဖြစ်ပါသည်။ သာစည်အိုးမှာ အကြမ်းခံ၍ လူကြိုက်များကြောင်း၊ အသုံးပြုမှုများသည့်ပုံမှန်ဆိုဒ် သာစည်ရေအိုးတစ်လုံး၏ ဈေးနှုန်းမှာ(၅၅၀၀)ကျပ်၊ နွားထိုးကြီးအိုးတစ်လုံးမှာ(၅၀၀၀)ကျပ်၊ ရန္တာပိုရေအိုးတစ်လုံးမှာ (၆၀၀၀)ကျပ်များရှိကြောင်း၊ ရန္တပိုရေအိုးမှာ ပုံသဏ္ဍာန်လှပြီး အရည်အသွေးကောင်း၍ ဈေးနှုန်းမှာ လည်းပိုကြောင်း၊ ရိုးရိုးအိုးများအပြင် ရေဘားတတ်ဆင်ထားသော ရေအိုးများနှင့်ဆိုဒ်စုံ အရွယ်စုံ ရေအိုးများလည်း ရောင်းချလျက်ရှိရာ အမျိုးအစားစုံ ဈေးနှုန်းစုံစွာဖြင့် ရောင်းချလျက်ရှိကြောင်း သိရသည်။ သန့်ရှင်းစင်ကြယ်သော ရေအိုးထဲမှ သန့်ရှင်းသောရေသည် ကျွန်တော်တို့လူသားတွေ အတွက် ကောင်းမွန်သောဆေးဝါးဓာတ်စာတစ်မျိုးပင်ဖြစ်ပါသည်။
DOCA(မန္တလေး)