
မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်တွင် သီးနှံမျိုးစုံစိုက်ပျိုးရာမှ အစေ့ထုတ်ပြောင်း(CP) သီးနှံ ကိုလည်း ဒေသစီးပွားဖြစ် စိုက်ပျိုးလျက်ရှိသည်။ ပခုက္ကူ၊ မြစ်ခြေ၊ ကမ္မ၊ ပေါက်၊ ရေစကြိုမြို့များတွင် စိုက်ဧကအများဆုံးစိုက်ပျိုးထွက်ရှိသော မြို့နယ်များဖြစ်သည်။ နှစ်စဉ်စိုက်ဧက(၁၅၀၀၀)ခန့် စိုက်ပျိုးကြောင်း သိရှိရသည်။
အစေ့ထုတ်ပြောင်း(CP)ကို ပြည်တွင်းမွေးမြူရေးလုပ်ငန်းများမှ ကုန်ကြမ်းတိရိစ္ဆာန် အစား အစာအဖြစ်အသုံးပြုပြီး အပင်များကိုလည်း ကျွဲနွားများအတွက် အစာအဖြစ် အသုံးဝင်သည့်အပြင် ပြည်ပပို့ကုန်အဖြစ် ထိုင်း၊ တရုတ်နိုင်ငံများသို့လည်း နှစ်စဉ်တင်ပို့နိုင်၍ ပြည်တွင်းဈေးကွက်ခိုင်မာပြီး အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း သိရှိရသည်။ ပခုက္ကူဈေးကွက်၌လည်း နေ့စဉ်အရောင်းအဝယ်ဖြစ် လျက်ရှိသည်။ ၂၀၂၅ခုနှစ်၊ မတ်လ(ဒုတိယပတ်)တွင် အစေ့ထုတ်ပြောင်း(CP)ဝင်ရောက်မှုအနေဖြင့် နေ့စဉ်တစ်ရက်လျှင် ပိဿာ(၃၀)ဝင်အိတ်(၃၀၀-၅၀၀) တစ်ပတ်အတွင်း အိတ်ရေ(၃၀၀၀)ခန့် အရောင်း အဝယ်ဖြစ်ကြောင်း သိရှိရသည်။ ယခုအချိန်တွင် ဒေသတွင်း သီးနှံပေါ်ချိန်ဖြစ်၍ ဈေးကွက်သို့ ကုန်ဝင်ရောက်မှု များ၍ ဈေးအေးပြီး အရောင်းအဝယ်ဖြစ်ကြောင်း သိရှိရသည်။
ဈေးနှုန်းအနေဖြင့် သီးနှံပေါ်စ ဖေဖော်ဝါရီလတွင် ဒေသပေါက်ဈေး အစေ့ထုတ်ပြောင်း(CP) တစ်တင်းလျှင် ကျပ်(၂၅၀၀၀-၂၆၀၀၀)ဈေးဖြင့် အရောင်းအဝယ်ဖြစ်ခဲ့ရာမှ မတ်လ(ပထမပတ်)တွင် ပြည်ပဝယ်လိုအားကောင်း၍ တစ်တင်းလျှင် ကျပ်(၂၇၀၀၀)ဈေးဖြင့် အရောင်းအဝယ်ဖြစ်ပြီး မတ်လ (ဒုတိယပတ်)တွင် တစ်တင်းလျှင် ကျပ်(၂၅၀၀၀)ဖြင့် ဈေးပြန်လည်ကျဆင်း အရောင်းအဝယ်ဖြစ်ကြောင်း၊ အစေ့ထုတ်ပြောင်း(CP)ကို ပြည်တွင်းသုံးစွဲမှုနည်းသော်လည်း ပြည်ပပို့ကုန်အဖြစ် အများဆုံးတင်ပို့ပြီး ထိုင်း၊ တရုတ်နိုင်ငံမှ တိရိစ္ဆာန်အစားအစာကုန်ကြမ်းအဖြစ် ဝယ်ယူမှုများ၍ ဈေးကွက်ခိုင်မာမှုရှိကြောင်း သိရှိရသည်။
စိုက်ပျိုးမှုအနေဖြင့် အစေ့ထုတ်ပြောင်း(CP) တစ်ဧကလျှင် ကုန်ကျစရိတ် ကျပ်(၁၁)သိန်းခန့် ကုန်ကျကြောင်း၊ အထွက်နှုန်းမှာ ပျမ်းမျှတင်း(၈၀)ခန့် ထွက်ရှိ၍ တစ်တင်းလျှင်ပျမ်းမျှဈေး ကျပ် (၂၅၀၀၀) ဖြင့် ရောင်းချရ ပါကတစ်ဧကဝင်ငွေမှာ ကျပ်သိန်း(၂၀)ခန့်ရရှိပြီး အကျိုးအမြတ်အနေဖြင့် ကျပ်(၉)သိန်းခန့်ရရှိကြောင်း၊ ယခင်နှစ်သီးနှံပေါ်ချိန်တွင် တစ်တင်းလျှင်ကျပ်(၂၀၀၀၀)ဈေးဖြင့် ရောင်းချ ရ၍ ယခုနှစ်တွင် သီးနှံပေါ်စ ဒေသပေါက်ဈေး ကျပ် (၂၅၀၀၀-၂၇၀၀၀) ဈေးဖြင့် ရောင်းချရခြင်းကြောင့် ယခင်နှစ်ထက် ဈေးပိုရရှိကြောင်း စိုက်တောင်သူများ အဆင်ပြေလျက်ရှိကြောင်း သိရှိရသည်။
ပြည်ပပို့ကုန်သီးနှံတစ်မျိုးဖြစ်သည့် အစေ့ထုတ်ပြောင်း(CP)သည် ပြည်တွင်းသုံးစွဲမှုနည်းသော်လည်း ပြည်ပပို့ကုန်သီးနှံတစ်မျိုးဖြစ်၍ ဈေးကွက်ခိုင်မာခြင်းကြောင့် စိုက်တောင်သူများမှ အကျိုးအမြတ်ရရှိ၍ နှစ်စဉ်မပြတ် ဒေသစီးပွားဖြစ် စိုက်ပျိုးကြောင်း သိရှိရပါသည်။
DOCA(မကွေး)