
မကွေးတိုင်းဒေသကြီး၊ အထက်မင်းလှမြို့နယ်အတွင်းရှိ ရွာတော်၊ မန်းသံပုရာကန်၊ ညောင်ပင်သာ၊ ဥယျာဉ်၊ ပန်းတော်ပြင်၊ ဇီးတော၊ မယ်ဇလီတော၊ ရွာသစ်၊ ဘွဲ့၊ ကုန်ကြီး၊ ဂျင်ရဲမြောင်စသည့်ကျေးရွာများတွင် နှမ်း၊ မြေပဲ၊ ကုလားပဲ၊ ပဲတီစိမ်း၊ ပဲစဉ်းငုံ၊ စပါး၊ ကြက်သွန်နီ၊ ကြက်သွန်ဖြူစသည့် သီးနှံများကို ရာသီအလိုက် နှစ်စဉ်စိုက်ပျိုးလျက်ရှိပြီး ဇီးတောကျေးရွာ၌ ကုလားပဲသီးနှံကို ၂၀၂၄ခုနှစ်၊ ဒီဇင်ဘာလဆန်းတွင်စိုက်ပျိုးပြီး ၂၀၂၅ခုနှစ်၊ မတ်လဆန်းတွင် စတင်ရိတ်သိမ်းလျက်ရှိကြောင်း သိရသည်။
မျိုးအနေဖြင့် ကုလားပဲ(မြကြေး)မျိုးကို အများဆုံးစိုက်ပျိုးထားပြီး ဟော်လန်မျိုးကိုလည်း အနည်းငယ်စိုက်ပျိုးထားကြောင်း၊ တစ်ဧကလျှင် မျိုးစေ့ (၂)တင်း ခန့်ကုန်ကျ၍ ထွန်ကြောင်းဆွဲအစေ့ ချစနစ်ဖြင့် စိုက်ပျိုးကြောင်း၊ ကုန်ကျစရိတ်အနေဖြင့် မျိုး၊ သွင်းအားစု၊ လုပ်သားခနှင့် ရိတ်သိမ်းခ အပါအဝင် တစ်ဧကလျှင် ငွေကျပ် ၈၀၀၀၀၀ ခန့်ကုန်ကျကြောင်း၊ ယခင်နှစ်က အထွက်နှုန်းအနေဖြင့် (၁)ဧကလျှင် (၁၅)တင်းခန့်ထွက်ရှိခဲ့ပြီး ယခုနှစ်တွင် ရာသီဥတုသမမျှတ၍ (၁၆)တင်း မှ (၂၁)တင်း ထိထွက်ရှိကြောင်း၊ ဈေးနှုန်းအနေဖြင့် မတ်လ(ဒုတိယပတ်)တွင် (၁)တင်းလျှင် ကျပ်(၉၀၀၀၀)ဖြင့် ရောင်းချရ၍ အကျိုးအမြတ်အနေဖြင့် ကျပ်(၆၄၀၀၀၀-၁၀၉၀၀၀၀)ခန့်ရရှိကြောင်း သိရသည်။
ဈေးကွက်အနေဖြင့် မင်းလှမြို့နှင့် မကွေးမြို့ရှိ သီးနှံပွဲရုံများသို့ ရောင်းချကြောင်း၊ ထိုမှတဆင့် ဒေသတွင်းရှိ ပဲကြော်၊ ပဲလှော်၊ မုန့်လုပ်ငန်းရှင်များမှ ဝယ်ယူကြကြောင်းနှင့် ရန်ကုန်၊ မန္တလေးမြို့ များသို့တင်ပို့ကြောင်း ဇီးတောကျေးရွာနေ ကုလားပဲစိုက်တောင်သူတစ်ဦးထံမှ သိရှိရပါသည်။
DOCA(မကွေး)