
ဧရာဝတီတိုင်းဒေသထွက် နာမည်ကြီးအစားအသောက်များထဲတွင် ရေကြည်မြို့ရဲ့ ဒေသထွက်ကုန် နုထွေး(၁၂)မျိုးဂျင်းသုပ်လည်း တစ်မျိုးအပါအဝင် ဖြစ်ပါတယ်။ နုထွေး(၁၂)မျိုးဂျင်းသုပ်နှင့် အကြော်စုံ လုပ် ငန်း ကို ရေကြည်မြို့၊ အမှတ်(၆၃၀)၊ အောင်ဆန်း(၁)လမ်း၊ ဗထူးရပ်ကွက်တွင် ဒေါ်ဝါဝါဟန်ဆိုသူမှ ဦးစီး ဆောင်ရွက်နေခြင်းဖြစ်ပြီး လုပ်ငန်းရပ်တည်လာသည်မှာ နှစ်ပေါင်း(၄၀)ကျော်ခန့်ရှိနေပြီ ဖြစ်ကြောင်းလည်း သိရှိရပါသည်။ ဂျင်းသုပ်ရရှိရန်အတွက် ဦးစွာဂျင်းနုများအား လှီး၍ ဆား၊ အချဉ် တို့နှင့် (၂) ရက်ခန့် စိမ် ထားရပါတယ် သို့မှ စားသုံးလို့ရသည့် ဂျင်းချဉ်အား ရရှိလာပါသည်။ ဂျင်းသုပ်တွင် ထည့်ထားသည့် (၁၂) မျိုး အကြော်စုံများမှာတော့ မြေပဲ၊ နှမ်း၊ ကြက်သွန်ကြော်၊ ပဲကြမ်းကြော်၊ ပဲလွန်း၊ အုန်းသီးကြော်၊ ကန်စွန်းဥကြော်၊ ငှက်ပျော်ကြော်၊ ပဲမှုန့်၊ ဆီ စသည်တို့ ဖြစ်ပါတယ်။ အုန်းသီးကြော်၊ ကန်စွန်းဥကြော်၊ ငှက်ပျော်ကြော်၊ ပဲမှုန့် တို့ကို မိမိတို့ကိုယ်တိုင် ကြော်လှော်ခြင်းလုပ်ငန်းများကို ဆောင်ရွက်ကြပြီး ကျန်ရှိသည့်အကြော်နှင့် ပစ္စည်း များကို ရန်ကုန်မြို့ရှိ ဘုရင့်နောင်ပွဲရုံမှ မှာယူလေ့ရှိကြောင်းလည်း လေ့လာသိရှိရပါသည်။ ဂျင်းသုပ်များကို ထုတ်လုပ်ရောင်းချရာတွင် ဂျင်းအစို နှင့် ဂျင်းခြောက်၍ (၂)မျိုးထုတ်လုပ်ရောင်းချလျှက်ရှိပြီး ဂျင်းစိုမှာ လူကြိုက်များလှသော်လည်း ထုတ်လုပ်သည့်နေ့မှ (၁)လထိသာ ကြာရှည်ခံပါကြောင်းနှင့် ဂျင်းခြောက်မှာ (၆)လအထိ တာရှည်ခံသည့်အတွက်နှစ်ရှည်ထား၍ စားသုံးသည့်သူများဝယ်ယူလေ့ရှိကြောင်းကိုလည်း သိရှိရပါသည်။
DOCA(ဧရာဝတီ)