
မန္တလေးမြို့တွင်းသို့ ကျောက်ပန်းတောင်း၊ ရမည်းသင်းနှင့် မိတ္ထီလာ နယ်ဘက်များမှ ဝင်ရောက်သည့် မန်ကျည်းမှည့်များနှင့် မန္တလေးမြို့တွင်း အနီးတဝိုက်မှ ထွက်ရှိသော အမရပူရ၊ ပုသိမ်ကြီးနှင့် မတ္တရာမြို့နယ်များမှ မန်ကျည်းမှည့်များ ယခုအခါ လှိုင်လှိုင်ထွက်ရှိနေပါသည်။ မန်ကျည်းမှည့်အသစ်များကို မိုးရာသီနှင့် ဆောင်းရာသီတွင် စားသုံးရန်အတွက်ဝယ်ယူထားရှိခြင်း၊ နွေရာသီတွင် မန်ကျည်းမှည့်ဖျော်ရည်အေးအေးလေး သောက်သုံးရန်အတွက် ဝယ်ယူသိုလှောင် ထားရှိကြပါသည်။ မန္တလေးမြို့တွင် ပူပြင်းသည့်နွေရာသီကာလ၌ သစ်ပင်အရိပ်များအောက်တွင် တွန်းလှည်းလေးများဖြင့် ရောင်းချသည့် မန်ကျည်းကျောက်ကျောဖျော်ရည်သည် အလွန် ကောင်းလှ ပါသည်။ ပူပြင်းလှသည့် နွေတွင် ရင်ကိုအေးမြစေပါသည်။ ယခုနှစ် မန်းမြို့အတွင်း ဝင်ရောက် သည့် မန်ကျည်းဈေးကွက်အနေနှင့် (၁)ပိဿာလျှင် ၁၄၀၀၀ ကျပ်၊ ၁၆၀၀၀ ကျပ်များနှင့် ဈေးကွက်တွင် ရောင်းဝယ်မှုရှိနေပြီး ယခင်နှစ် ယခုလိုကာလတွင် မန်ကျည်းမှည့် (၁)ပိဿာ လျှင် ၈၀၀၀ ကျပ်၊ ၉၀၀၀ ကျပ်ဈေးနှုန်းများနှင့် ဈေးကွက်တွင်း ဖြစ်ပေါ်ခဲ့သည့်အတွက် ယခုနှစ်တွင် (၁)ပိဿာလျှင် ၅၀၀၀ ကျပ်ဝန်းကျင် ဈေးမြင့်ကြောင်း လေ့လာသိရှိရပါသည်။
DOCA(မန္တလေး)