မန္တလေးမြို့ပေါ်ရှိကြက်ဟင်းခါးသီးဈေးကွက်

Powered by Drupal

ကြက်ဟင်းခါးပင်သည် ပူနွေးသော ရာသီဥတုကို ကြိုက်နှစ်သက်ပြီး နေရာဒေသမရွေး စိုက်ပျိုးလေ့ရှိကြသည်။ အေးသောတောင်အရပ်ဒေသများတွင် နွေရာသီကိုသာ စိုက်ပျိုးဖြစ်ထွန်း လျက်ရှိပြီး ရေကြိုက်သောအပင်ဖြစ်ကြောင်းသိရှိရပါသည်။  ကြက်ဟင်းခါးပင်သည် နွယ်ပင် ဖြစ်သောကြောင့်  အပွင့်မှာ အဝါရောင်ဖျော့ဖျော့လေး ပွင့်လေ့ရှိ၍  အရွက်မှာ အစိမ်းဝါရောင်ရှိပြီး  အပူပိုင်းဒေသများတွင်အများဆုံးပေါက်ရောက်လျက်ရှိသည်။  ကြက်ဟင်းခါးသီးမျိုးများမှာ အလုံးမျိုး၊ အရှည်မျိုး၊ အပုမျိုးဟူ၍ အမျိုးမျိုးရှိကြောင်းသိရှိရပါသည်။ ကြက်ဟင်းခါးအရိုင်းမျိုးမှာ အ‌လေ့ကျ ပေါက်ရောက်လျက်ရှိကြပြီး အသီးမှာ အလုံးပုံသဏ္ဍာန်သီးလေ့ရှိကြသည်။ ကြက်ဟင်းခါးသီး၏ အရောင်မှာ အစိမ်းရင့်၊ အစိမ်းနုနှင့်အဖြူ အမျိုးမျိုးရှိကြပြီး အသီးမှာ ခါးသောအရသာရှိ၍ ဝါးခြမ်း စင်ထိုး၍ စိုက်ပျိုးလေ့ရှိကြသည်။ ကြက်ဟင်းခါးညွန့်များ စင်ပေါ်ရောက်လျှင် အညွှန်များကို ဖြတ်ပေးခြင်းအားဖြင့် နောက်ထပ်အညွန့်များဖြာထွက်လာပြီး အပွင့်များ အသီးများ ပိုမို၍ ဖြစ်ထွန်း လာကြောင်းသိရှိရပါသည်။ ကြက်ဟင်းခါးရွက်မှာ ကာဗိုဟိုက်ဒရိတ်၊ ပရိုတင်း၊ ဗီတာ K၊ ဗီတာမင် B6၊ ဗီတာမင် B9၊ ဗီတာမင် B2၊ ဗီတာမင် C နဲ့ သံဓာတ်၊ ကယ်လ်ဆီယမ်၊ ဖော့စဖရိတ် တို့ပါဝင်ခြင်းကြောင့် ကျန်းမားရေးအတွက် အထောက်အကူပြုသော ဆေးဖက်ဝင်သောအပင်တစ်မျိုးဖြစ်သည်။ ကြက်ဟင်း ခါးရွက်ကို ကြိတ်ခြေပြီး သတ္တုရည်ကို သောက်ခြင်း နှင့် ပြုတ်ရည်ကိုသောက်ခြင်းဖြင့် ဆီချို၊ လိပ်ခေါင်း၊ ဝမ်းပျက်ဝမ်းလျှော၊ ပန်းနာရင်ကျပ်၊ အသည်းရောင်အသားဝါ၊ လည်ချောင်းနာလျင် ကြက်ဟင်းခါး ရွက်နှင့် ပင်စိမ်းရွက်ကို ရေနွေးအပူထဲတွင် ၁၅ မိနစ်လောက်စိမ့်ပြီး ပျားရည်အနည်းငယ်ရော၍ သောက်သုံးခြင်းဖြင့် ပျောက်ကင်းနိုင်ပြီး၊ ရာသီတုတ်ကွေးများဖြစ်ခဲ့လျင် ကြက်ဟင်းခါးရွက်ကို ကြိတ်၍ မျက်လုံးထဲသို့ထည့်ပေးခြင်းဖြင့် ပျောက်ကင်းနိုင်ကြောင်း လေ့လာသိရှိရပါသည်။ ကြက်ဟင်း ခါးသီးတွင် ရေဓာတ်၊ ပရိုတင်း၊ အဆီ၊ ကာဗိုဟိုက်ဒရိတ်၊ သံဓာတ်၊ ကယ်လ်ဆီယမ်၊ အမျှင်ဓာတ်၊ မဂ္ဂနီဆီယမ်၊ ဖော့စဖရိတ်၊ ပိုတက်ဆီယမ်၊ ဆိုဒီယမ်၊ ဇင့်နှင့်  ဗီတာမင် C တို့ပါဝင်ကြောင်း လေ့လာ သိရှိရပါသည်။  ကြက်ဟင်းခါးသီးတွင် ခါးဓာတ်ပါဝင်သောကြောင့် သွေးသန့်ခြင်း၊ သွေးတွင်းသကြား ဓာတ်ကိုထိန်းညှိပေးခြင်း၊ လေဖြတ်နိုင်ခြေကို လျော့ချ ပေးခြင်း၊ ဓာတ်တိုးဆန့်ကျင်ပစ္စည်းများ ကြွယ်ဝစွာပါဝင်သောကြောင့် ကင်ဆာမဖြစ်အောင် ကာကွယ်ပေးခြင်း၊ ပိုတက်ဆီယမ် ပါဝင်သောကြောင့် အသက်ရူလမ်းကြောင်းရှိ ချွဲသလိပ်များ ဖယ်ရှားပေးခြင်း၊ အမျှင်ဓာတ်နှင့် ရေဓာတ်ကြွယ်ဝစွာ ပါဝင်သောကြောင့် ဝမ်းချုပ်ခြင်းကို သက်သာစေပြီး အစာခြေစနစ်ကောင်းမွန်ခြင်း၊ ဗီတာမင် C နှင့် ဇင့်ဓာတ်များ ကြွယ်ဝစွာပါဝင်သောကြောင့် ကိုယ်ခံအားကောင်းမွန်ခြင်းနှင့် အသည်းကျန်းမာခြင်းကို အထောက်အကူပြုကြောင်းလေ့လာသိရှိရပါသည်။  ကြက်ဟင်းခါးသီးကို ကိုယ်ဝန်ဆောင်မိခင်၊ နို့တိုက်မိခင်၊ ရောဂါအခံရှိသူများ စားသုံးရန်မသင့်ကြောင်း လေ့လာသိရှိရပါသည်။ ကြက်ဟင်းခါး သီးစားခြင်းဖြင် အကြောတက်ခြင်း၊ သွေးတိုးခြင်းစသော အယူအဆများလဲရှိကြသလို အလွန်အကျွံ စားသုံးခြင်းကို ရှောင်ကျင်သင့်ကြောင်း လေ့လာသိရှိရပါသည်။  ကြက်ဟင်းခါးသီးသည် ခါးသက်သော အရသာလည်း လူအများစားသုံးသော အရံဟင်းလျာတစ်မျိုးဖြစ်သည်။  ကြက်ဟင်းညွှန့်ကို ပြုတ်၍ အတို့အမြှပ်အဖြစ် စားသောက်လေ့ရှိကြပြီး၊ ကြက်ဟင်းခါးသီးအကင်းများကိုပြုတ်၍ အတို့အမြှပ်ပြု လုပ်ခြင်းနှင့် ပုဇွန်ခြောက်၊ ကြက်ဥ၊ အသားမျိုးစုံနဲ့ကြော်၍ စားသောက်၍ရသလို၊ ကြက်ဟင်းခါးသီးကို ဆီပြန်နှပ်၍စားသုံးလေ့ရှိကြောင်း လေ့လာသိရှိရပါသည်။ မန္တလေးမြို့ပေါ်ရှိ ယခု မတ်လဈေးနှုန်း အနေဖြင့် လက်ကားဈေးနှုန်း(၁ပိဿာ)လျှင် ၄၀၀ဝိ/-၊ လက်လီဈေး(၁ပိဿာ)လျှင်၆၀၀ဝိ/-နှုန်းဖြင့် ရောင်းချလျက်ရှိကြောင်း ဈေးရောင်းချသူတစ်ဦးထံမှ သိရှိရပါသည်။

DOCA(မန္တလေး)