အာလူးစိုက်ပျိုးရေးနှင့်ဈေးနှုန်းဈေးကွက်

Powered by Drupal

အာလူးသီးနှံသည်အာဟာရတန်ဖိုးမြင့်မားသောကြောင့် ကမ္ဘာ့နိုင်ငံအများစုတွင် အဓိက အစားအစာ အဖြစ်စားသုံးလျှက်ရှိသောသီးနှံတစ်မျိုးဖြစ်ပါသည်။ မြန်မာ့အာလူးစိုက်ဧရိယာ၏  (၇၅) ရာခိုင်နှုန်းကျော်ကို ရှမ်းပြည်နယ်တွင် စိုက်ပျိုးပြီး အာလူးသီးနှံ စိုက်ပျိုးဖြစ်ထွန်းနိုင်သော ရခိုင်ပြည်နယ်၊ မကွေးတိုင်း၊ မန္တလေးတိုင်း၊ ဧရာဝတီတိုင်း(ဟင်္သာတ) တို့တွင် စိုက်ပျိုးကြ ကြောင်း သိရသည်။ အာလူးသီးနှံသည် အေး၍ သမရာသီဥတုကိုကြိုက်နှစ်သက်ပြီး ဆည်ရေ၊ ချောင်းရေ၊ မြောင်းရေရရှိသည့်ဒေသများတွင် ဆောင်းရာသီ၌စိုက်ပျိုးကြောင်းသိရသည်။ အာလူးပင်၏ သက်တမ်းမှာ ပုံမှန်အားဖြင့် ၃လခွဲ - ၄လ အတွင်း ရှိပြီး နေ့တာရှည်ပါက သက်တမ်း အနည်းငယ် ပိုရှည်၍ နေ့တာတိုပါက သက်တမ်းအနည်းငယ်တိုကြောင်းသိရသည်။အာလူးသီးနှံကို မြေနီ၊ နုန်းတင်မြေ၊ ခဲမြေနက်မြေမျိုးတွင် ကောင်းစွာစိုက်ပျိုးနိုင်၍ မြေစေးမြေ တွင် အာလူး စိုက်ပျိုးရန် မသင့်ပါ။ တစ်ဧကအတွက်မျိုးလိုအပ်ချက်မှာ   မိုးအာလူး(ယာမြေ) - ၅၀၀ ပိဿာ ၊     ရေအာလူး- ၆၀၀ ပိဿာ ၊ဆောင်း အာလူး - ၇၀၀ ပိဿာ နှုန်း ဖြစ်ပါသည်။ ရှမ်းပြည်နယ်တွင် မိုးအာလူးကို ယာမြေများ၌ မတ်လ-ဧပြီလတွင် စိုက်ပျိုးကြ ပြီး ဩဂုတ်-စက်တင်ဘာလ များတွင် တူးဖော်ကြကြောင်းသိရသည်။မြေပြန့် ဒေသများဖြစ်သည့် မန္တလေးတိုင်း၊ မကွေးတိုင်း (ဆင်ဖြူကျွန်း)  ဒေသများတွင် ကျွန်းမြေ နှင့် သဲချောင်းများ၌ အောက်တိုဘာလ နှင့် နိုဝင်ဘာလတွင် စိုက်ပျိုးပြီး ဇန်နဝါရီလ နှင့် ဖေဖေါ်ဝါရီလများတွင် တူးဖော်ကြသည်။ အာလူးစတင်စိုက်ပျိုးချိန်မှ သုံးလခွဲခန့် ကြာလျှင် အာလူးပင်များ ခြောက်သွေ့နှုန်းကျသွားပြီး ထိုအချိန်တွင် အာလူးတူးဖော်ရန် အကောင်းဆုံး အချိန်ဖြစ်ကြောင်းသိရသည်။ မြေအခြေအနေနှင့် မျိုးအခြေအနေပေါ်မူတည်၍ အထွက်နှုန်းမှာ မျိုးနှုန်းပမာဏ၏ ၅ဆ မှ ၁၀ဆ အထိထွက်ရှိနိုင်သဖြင့် အထွက်မှာ (၃,၀၀၀ မှ ၇,၀၀၀) ပိဿာအထိ ထွက်ရှိနိုင်ကြောင်းသိရှိရသည်။ အာလူးဈေးနှုန်း အနေဖြင့် (၄၀၀၀-၄၅၀၀)ကျပ်ခန့် ရှိကြောင်း သိရသည်။

DOCA(မန္တလေး)