ကျိုက်မရောမြို့နယ်၊ ဘိန်းဗျောကျေးရွာ၌ မေမြို့ပန်းများ လှိုင်လှိုင်ထွက်ရှိ

Powered by Drupal

           မော်လမြိုင်ခရိုင်၊ ကျိုက်မရောမြို့နယ်၊ ဘိန်းဗျောကျေးရွာ၌ မေမြို့ပန်းများ လှိုင်လှိုင်ထွက်ရှိကာ ပန်းဈေးလည်းကောင်းသဖြင့် စီးပွားဖြစ် ပန်းစိုက်တောင်သူများ မိသားစုဝင်ငွေ တိုးလျက်ရှိကြောင်း သိရသည်။

            ဘိန်းဗျောကျေးရွာမှ ပန်းစိုက်ခင်းများ အောင်မြင်လျှက်ရှိပြီး ယခုနှစ်တွင် ဂန္ဓမာပန်းအပြင် မေမြို့ပန်း ပန်းပင်များကိုပါ စမ်းသပ်စိုက်ပျိုးကြရာ ယခုချိန်၌ လှိုင်လှိုင်ထွက်ရှိပြီးဖြစ်ကြောင်းသိရသည်။

             မေမြို့ပန်းများကို ယခုနှစ်ဆောင်းရာသီတွင် မေမြို့ဘက်မှ အစေ့များမှာယူပြီး ပျိုးထောင်ကာ စိုက်ပျိုးကြကြောင်း မေမြို့ပန်းသည် မြေပွ၍ သဲနှုန်းဆန်သည့် မြေဆီလွှာကို ပို၍နှစ်သက်ပြီး အထွက်နှုန်းလည်းကောင်းသဖြင့် မေမြို့ပန်းကို တစ်နိုင်တစ်ပိုင် စိုက်ပျိုးသူများလာကာ ပန်းဈေးများမှာလည်း ယခင်နှစ်များထက် ပိုမိုကောင်းပြီး ပန်းစည်းလက်တစ်ဆုပ် တစ်စည်းလျှင် ဆယ်ပွင့်ပါပြီး တစ်စည်းကို ၃ဝဝဝကျပ်အထိ ဈေးကောင်းရရှိနေသဖြင့် အဆင်ပြေပြီး မိသားစုအပိုဝင်ငွေလည်း ရရှိကြောင်း မေမြို့ပန်း စိုက်ပျိုးရောင်းချသူ ဒေါ်ယမင်း ထံမှသိရသည်။

           ယခုရာသီတွင် နေပူရှိန်ပြင်းလွန်း၍ ပန်းခက်လေးတွေ နေမလောင်ရအောင် အထူးဂရုစိုက်ရကြောင်း နေပြင်းချိန်မှာ ရေမလောင်းရပဲ ညနေခင်း နေပူချိန်ကျမှသာ ရေလောင်းခြင်း၊ ပိုးကောင်လေးများအား ဖမ်းပေးခြင်း၊ ဆေးဖျန်းခြင်းများကို ဂရုစိုက်၍ ဆောင်ရွက်ပေးရကြောင်း သိရသည်။ ဒေသထွက် မေမြို့ပန်းများကို အခြားသောမြို့ကြီးများအထိ ဖောက်သည်ပေးရကြောင်း သိရှိရပါသည်။

DOCA(မွန်)