
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်အတွင်း ဟင်းသီးဟင်းရွက်များကို အများအပြားစိုက်ပျိုးကြ သော်လည်း ရပ်ကွက်၊ ကျေးရွာများတွင် နေထိုင်ကြသော တောင်သူများသည် ဆေးဖက်ဝင်ပြီး ကျန်းမာရေးအရ ကောင်းမွန်သော အပင်တစ်မျိုးဖြစ်သည့် ဒန့်သလွန်ပင်ကို စီးပွားဖြစ်စိုက်ပျိုးကာ မိသားစုတစ်ပိုင်တစ်နိုင် စားသုံးရန်နှင့် အပိုဝင်ငွေရရှိရန် စိုက်ပျိုးကြကြောင်း သိရှိရပါသည်။
ဒန့်သလွန်ပင်သည် ရာသီမရွေးစိုက်ပျိုးနိုင်ပြီး မည်သည့်မြေအမျိုးအစားမဆို ရှင်သန် ကြီးထွားသည့် အပင်မျိုးဖြစ်သည်။ ဒန့်သလွန်ပင်ကို အစေ့ချစိုက်ပျိုး၍ရသလို ကိုင်းဖြတ်စိုက်ပျိုးလို့ လည်းရပါတယ်။ ကိုင်းဖြတ်စိုက်ပျိုးလျှင် (၂)နှစ်သားအတွင်း အသီးသီးပါသည်။ (၆)လနှင့်သီးသော ဒန့်သလွန်မျိုးများလည်း စိုက်ပျိုးလာကြကြောင်း သိရသည်။ အပင်တစ်ပင်တွင် အသီးအတောင့်ရေ (၇၀၀)ခန့်ထိ သီးကြောင်းသိရပါသည်။ ပေါ်ဦးပေါ်ဖျားတွင် ဈေးကွက်အတွင်း ဒန့်သလွန်သီး (၁၀)သီးတောင့်ပါ တစ်စီးလျှင် (၂၅၀၀)ကျပ်ဖြင့် ရောင်းချလျက်ရှိပြီး စိုက်ပျိုးမှုများသော ဒန့်သလွန် ခြံများတွင် ခြံပိုင်ရှင်များသည် ဒန့်သလွန်သီးများကို ဖောက်သည်ဈေးပေးသည့်အခါ အသီးတောင့် (၁၀၀)လျင် (၁၅၀၀ - ၂၀၀၀)ကျပ်ဖြင့် ရောင်းချကြောင်းသိရှိရပါသည်။ ယခုအချိန်တွင် ဒန့်သလွန်သီး (၁၀)သီးတောင့် တစ်စီးလျှင် (၇၀၀)ကျပ်ဖြင့် ရောင်းချနေကြောင်းသိရသည်။ ဒန့်သလွန်ပင်သည် ဆေးဖက်ဝင် အပင်မျိုးနွယ်ဖြစ်ပြီး တစ်ပင်လုံး အသုံးဝင်ပါသည်။ ဒန့်သလွန်အရွက်ကို ဟင်းချိုချက်၍ စားသောက်လို့ရသလို အပွင့်/အဖူးများကိုလည်း ရေနွေးဖျော၍ သုပ်စားနိုင်ပါသည်။ သီးစုံကုလား ပဲဟင်းနှင့် အချဉ်ရည်ဟင်း များတွင်လည်း ဒန့်သလွန်အသီးမှာ မပါမဖြစ်သော အသီးများဖြစ်ပါသည်။ ဒန့်သလွန်အစေ့မှာလည်း သွေးတိုးရောဂါရှိသူများအနေဖြင့် အရေးပေါ်သွေးကျဆေးမရှိပါက ဒန့်သလွန် အစေ့ကို ဝါးစား၍ သွေးတိုးရောဂါကိုထိန်းညှိပေးပါသည်။ ဒန့်သလွန်ပင် စိုက်ပျိုးခြင်းဖြင့် စီးပွားဖြစ် ဝင်ငွေတိုး စေသည့်အပြင် ကျန်းမာရေအတွက် ဆေးဖက်ဝင်သော သီးနှံဖြစ်သည့်အတွက် ဒန့်သလွန်ပင် များကို အိမ်တိုင်းတွင် စိုက်ပျိုးသင့်ပါကြောင်း ရေးသားတင်ပြလိုက်ရပါသည်။
DOCA(ပဲခူး)