
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ အထက်မင်းလှမြို့နယ်တွင် ကွမ်းရွက်များကို ဧရာဝတီ တိုင်းဒေသကြီး ကနောင်၊ မြန်အောင်၊ ပဲခူးတိုင်းဒေသကြီး ပေါက်ခေါင်း၊ ပေါင်းတလည်၊ စစ်ကိုင်း တိုင်းဒေသကြီး မုံရွာမြို့တို့ရှိကွမ်းခြံများမှ တိုက်ရိုက်ဝယ်ယူရောင်းချကြောင်း၊ ကွမ်းသီးများကို ထားဝယ်မှတိုက်ရိုက် တင်ပို့သည့် ပြည်မြို့ရှိ ကွမ်းဒိုင်မှတဆင့် မှာယူရောင်းချကြောင်း၊ ကွမ်းစား ထုံးကို မကွေးမှဝယ်ယူရောင်းချပြီး နှပ်ဆေးနှင့်ဗမာဆေးကို မုံရွာနှင့်ပခုက္ကူမှ ဝယ်ယူရောင်းချ ကြောင်း သိရသည်။
မင်းလှမြို့တွင် ကွမ်းသီး၊ ကွမ်းရွက် လက်လီလက်ကားရောင်းချသည့်ဆိုင် (၉)ဆိုင် ခန့်ရှိပြီး ကွမ်းစိမ်းနှင့်ကွမ်းရွက်ဝါ(၂)မျိုးရှိသည့်အနက် ကွမ်းရွက်ဝါကိုပိုအစားများကြကြောင်း သိရှိရသည်။ ကွမ်းရွက်ဈေးနှုန်းအနေဖြင့် ၂၀၂၅ခုနှစ်၊ မတ်လ(တတိယပတ်)တွင် ကွမ်းရွက်ဝါ(၁) ပိဿာလျှင် ကွမ်းရွက်အကြီး၊ အသေးနှင့် ဝယ်ယူတင်သွင်းရသည့်နေရာဒေသအလိုက် ကျပ်(၄၀၀၀-၅၀၀၀-၆၀၀၀)၊ ကွမ်းသီးခြမ်း(၁)ပိဿာလျှင် ကျပ်(၂၄၀၀၀)၊ ကွမ်းသီးစိပ်(၁) ပိဿာလျှင် ကျပ် (၂၂၀၀၀)၊ ကွမ်းစားထုံး(၁)လီတာ(၁)ဘူးလျှင် ကျပ်(၁၈၀၀)၊ ကွမ်းစားနှပ်ဆေး (၁)ထုပ်လျှင် ကျပ် (၁၀၀၀)၊ ဗမာဆေး(၁)ထုပ်လျှင် ကျပ်(၇၀၀) စသည့်ဈေးနှုန်းများဖြင့် ရောင်းချလျက်ရှိကြောင်း သိရ သည်။
အရောင်းအဝယ်အနေဖြင့် (၁)ရက်လျှင်ကွမ်းရွက်ပိဿာချိန် (၁၀)ပိဿာနှင့်အထက် ရောင်းချ ရပြီး ကွမ်းသီး၊ ကွမ်းစိပ်မှာ(၅)ပိဿာမှ (၇)ပိဿာထိပုံမှန်ရောင်းချရပါကြောင်း၊ ယခင် မတ်လ (ဒုတိယပတ်)နှင့်နှိုင်းယှဉ်ပါက ယခုတစ်ပတ်တွင် ကွမ်းရွက်မှာ ကျပ်(၄၀၀၀-၅၀၀၀) ဈေးနှုန်း လျော့ကျခဲ့ပြီး ကွမ်းသီးခြမ်းမှာ ကျပ်(၈၀၀၀)ဈေးနှုန်းမြင့်တက်လာကြောင်း၊ ယခုအချိန်သည် ကွမ်းစိုက်ပျိုးထွက်ရှိရာ ဒေသများ၌ ကွမ်းအထွက်နှုန်းများ လှိုင်လှိုင်ထွက်ရှိနေ၍ ကွမ်းဈေးနှုန်းမှာ လျော့ကျရခြင်းဖြစ်ပြီး ကွမ်းသီးမှာ နိုင်ငံခြားသို့တင်ပို့မှုများသောကြောင့် ဈေးနှုန်းမြင့်တက်ရခြင်း ဖြစ်ကြောင်း အထက်မင်းလှ- သရက်ကားလမ်းဘေးရှိ ကွမ်းသီး၊ ကွမ်းရွက်ရောင်းချသည့် ကွမ်းဆိုင် ပိုင်ရှင်တစ်ဦးထံမှ သိရှိရပါသည်။
DOCA(မကွေး)